KNPP အတွင်းရေးမှူး - ၂ ခူးဒယ်နီယန်နှင့် တွေ့ဆုံခြင်း

KNPP အတွင်းရေးမှူး - ၂ ခူးဒယ်နီယန်နှင့် တွေ့ဆုံခြင်း

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ ပဋိပက္ခဖြစ်စဉ်၊ ငြိမ်းချမ်းရေး၊ ပြည်နယ်အရေး၊ လုပ်ငန်းဆောင်ရွက်မှု စတဲ့အကြောင်းအရာတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး - ၂ ခူးဒယ်နီယန်နှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစပြီး အာဏာသိမ်းတဲ့ စစ်ကောင်စီအုပ်စုအပေါ် ကေအဲန်ပီပီက ဘယ်လိုသဘာထားရှိလဲ။

ဖြေ။ ။ ဒီ စစ်အာဏာသိမ်းတာကတော့ ဘယ်သူမှမကြိုက်ဘူးပေါ့လေ ကျတော်တို့အပါအဝင် လူထုအားလုံးက မကြိုက်တာက မကြိုက်တာပါပဲ။ ကျတော်တို့ ကေအဲန်ပီပီအနေနဲ့ကလည်း လူထုရဲ့သဘောထားအတိုင်းပေါ့ ရပ်တည်တယ် ဒီအာဏာသိမ်းမှုကိုလည်း ကျတော်တို့အနေနဲ့ လက်မခံဘူးဆိုတာကတော့ တရားဝင် ထုတ်ပြန်ကြေညာချက်ထုတ်ထားတာပါပဲ။ အဲဒီအပေါ်မှာတော့ ကျတော်တို့အနေနဲ့ ဒီအဏာသိမ်းမှုအပေါ်မှာ ကေအဲန်ပီပီအနေနဲ့ လက်မခံနိုင်တဲ့အပြင် လူထုရဲ့သဘောထားရပ်တည်အတိုင်း ရပ်တည်မယ်လို့ သဘောထားရှိပါတယ်။

မေး။ ။ လက်ရှိမှာလည်း အကြမ်းဖက်သတ်ဖြတ်နေတာရှိတယ် ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ ကျတော်တို့အနေနဲ့ကတော့ ဒီလူထုဆန္ဒပြတာကို ထောက်ခံတယ် နောက်ပြီးတော့မှ လူထုနဲ့ တစ်သားတည်းရှိတယ်ပေါ့။ ဒီအပြင် ဒီမိုကရေစီနိုင်ငံဆိုတာကတော့ ဒီမိုကရေစီတိုင်းပြည်မှာကတော့ လူထုဆန္ဒပြပိုင်ခွင့်ရှိတယ်၊ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ်ဆိုတာက လက်ခံထားတယ်။ ဒီအပေါ်မှာ တာဝန်ရှိတဲ့သူအနေနဲ့က ဒါ တွေ့ဆုံဆွေးနွေးမှုတစ်ခုရယူပြီးတော့မှ ဖြေရှင်းသင့်တယ် အခုလုပ်နေတဲ့ အကြမ်းဖက်ဖြိုခွင်းနေတာလက်မခံဘူး။ လူထုနဲ့တစ်သားတည်း ဖြစ်နေအတွက်ကြောင့် လူထုခံရသလို ကျတော်တို့လည်းခံရတယ်လို့ ခံယူတယ်။ အဲတော့ အကြမ်းဖက်ဖြိုခွင်းတာကို ကျတော်တို့အနေနဲ့ ကန့်ကွက်တယ်ပေါ့လေ၊ Statement ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ အာဏာသိမ်းစစ်ကောင်စီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာရှိလား။ ဆွေးနွေးဖို့ကောရှိလား။ ဘယ်လိုအစီအစဉ်ရှိလဲ။

ဖြေ။ ။ ကျတော်တို့အနေနဲ့ စစ်ကောင်စီတက်လာပြီးကတည်းက ငြိမ်းချမ်းရေးတစ်ခုလုံး ဗမာပြည်မှာလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ပျက်ပြီလို့ပဲ ကျတော်တို့မှတ်ယူတယ်။ ဒီစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့တော့မရှိဘူး၊ ဆုံးဖြတ်ချက်ချထားတာလည်း မရှိဘူးပေါ့။ သူတို့ဖက်ကနေလည်း ကမ်းလှမ်းတာလည်း မရှိဘူး၊ အဲဒါတော့ ကျတော်တို့ရဲ့အနေအထားပေါ့လေ။ စစ်ကောင်စီက တရားဝင် လူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း ဖြစ်လာမှာမဟုတ်ဘူးပေါ့။

မေး။ ။ ပြီးခဲ့တဲ့တလောက NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက စစ်ကောင်စီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြောသလိုပဲ အမှန်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အရင်က သမ္မတသိန်းစိန်လက်ထက်ကတည်းက စလာတဲ့ဖြစ်စဉ်တစ်ခုပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ဆက်လုပ်လာတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းနှစ်ခုမှာတော့ လူထုက တရားဝင်ရွေးချယ်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုရှိတယ်ပေါ့။ ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ ဒီဖြစ်စဉ်အားလုံးက ပျက်ပြီ သူတို့ကိုယ်၌ကလည်း ၂၀၀၈ ဖွဲ့စည်းပုံပျက်ပြီလို့ သူတို့ကိုယ်၌ကလည်းပြောတယ်၊ ဆိုတော့ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်အားလုံးပျက်ပြီလို့ပဲ မှတ်ယူတယ်။ သို့သော် PPST ပေါ့လေ၊ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ (၁၀) ကတော့ PPST ဆိုတဲ့အဖွဲ့ကတော့ မဖျက်သိမ်းသေးဘူး။ သူတို့ဆက်ဆွေးနွေးနေတုန်း။ ကျတော်တို့အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ ငြိမ်းချမ်းရေးတွေ လုပ်လာကြတယ်။ ဆိုတော့ အခြေခံမူပျက်စီးပြီဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်လည်း ပျက်ပီပေါ့။ ကျတော်တို့ဖက်နေ မှတ်ယူတယ် PPST အနေနဲ့ ဘယ်လိုမှတ်ယူလဲတော့ မသိဘူး။ သို့သော် ကျတော်တို့က ငြိမ်းချမ်းရေးမလိုလားဘူးလားမေးရင်တော့ ငြိမ်းချမ်းရေးကတော့ လူတိုင်းကလိုလားတယ်၊ ဒါပေမယ့် တရားဝင်မှုကတော သွားရလိမ့်မယ်ပေါ့။ PPST အနေနဲ့ ငြိမ်းချမ်းရေးဆက်လုပ်မယ်လို့ သူပြောတယ် ဒါပေမယ့် သူ စစ်ကောင်စီနဲ့ဆက်လုပ်မလား ဘယ်အစိုးရနဲ့ဆက်လုပ်မလဲဆိုတာကတော့ ကျတော်တို့လည်း သဲသဲကွဲကွဲမသိဘူး။ သူတို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်ရှိနေမယ်လို့တော့ ထုတ်ပြန်ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အဲလိုသဘောထားရှိတယ်။ တရားဝင်တွေ့တယ်ဆိုတာကတော့ ကျတော်တို့ကတော့ မကြားဘူးပေါ့လေ၊ တရားဝင်ထုတ်ပြန်ချက်လည်းမရှိဘူး နှစ်ဖက်စလုံးက။ ဆိုတော့ တွေ့တယ်ဆိုတာက ဆိုရှယ်မီဒီယာမှာပဲတွေ့ရတယ်။ သို့သော် သူတို့နှစ်ဖက်လုံးက တရားဝင်ထုတ်ပြန်ချက်မရှိတော့ သူတို့တွေ့ပါတယ်ဆိုတာက ပြောရခက်ပါတယ်။

မေး။ ။ PPST အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး တပ်ပေါင်းစုဖွဲ့မယ်လို့ ပြောထားတာရှိတယ်။ ဆိုတော့ ဆွေးနွေးပွဲတွေမှာ ဖိတ်ကြားတာတွေရှိလား။

ဖြေ။ ။ PPST အနေနဲ့ ကေအဲန်ပီပီကို ဖိတ်တာတော့မရှိဘူး။ သို့သော် နီးစပ်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဆွေးနွေးကြတာရှိတယ်။ အားလုံးလိုလိုပါပဲ ချင်းတို့ ကချင်တို့ ရှမ်းတို့ ကေအဲန်ယူတို့ မွန်တို့ စသဖြင့်ပေါ့၊ ဒီနိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးမှာ ဘယ်လိုဆက်သွားကြမလဲဆိုတာတော့ ဆွေးနွေးကြတယ်၊ သို့သော် PPST အနေနဲ့ သူတို့ ကေအဲန်ပီပီကို ဖိတ်ခေါ်တာမျိုးတော့မရှိဘူး။

မေး။ ။ CRPH နဲ့တွေ့ဆုံဆွေးနွေးတာတွေရှိလား။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်မှာတော့ ဖွဲ့ထားတဲ့ CRPH နဲ့တော့ သူတို့အချိတ်အဆက်လုပ်လာပါတယ်။ ကျတော်တို့မှမဟုတ်ဘူး။ တိုင်းရင်းသားတိုင်း သူ အချိတ်အဆက်လုပ်လာပါတယ်၊ နိုင်ငံရေးဘယ်လိုရှေ့ဆက်သွားကြမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုလုပ်မလဲ၊ အဲဒါတွေ ဆွေးနွေးကြတယ်။ ကျတော်တို့ဖက် စဉ်းစားတာက ဘယ်လူထုမဆို အာဏာသိမ်းကောင်စီကို ထောက်ခံမှာမဟုတ်ဘူး၊ ထောက်ခံတဲ့သူက အနည်းစုပဲရှိမှာပေါ့။ ကျတော်တို့က တကယ်တမ်း လူထုနဲ့ တစ်သားတည်းရပ်တည်မယ်ဆိုရင် ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်တွေက ပိုတရားဝင်တယ်ပေါ့လေ၊ ကမ္ဘာကလည်း အသိအမှတ်ပြုတယ်၊ လူထုကလည်း လွှတ်တော်အမတ်တွေကို အသိအမှတ်ပြုတော့ အသိအမှတ်ပြုခံရတဲ့ အဖွဲ့အစည်းတစ်ခုကိုတော့ တရားဝင်ပူးပေါင်းဆောင်ရွက်ရလိမ့်ဆိုပြီး သူတို့နဲ့ အချိတ်အဆက်လုပ်လာတယ်။ NUG မဖွဲ့စည်းခင်မှာ ကျတော်တို့ပြည်နယ်အရေးကို အရင်ဆုံးဦးစားပေးပါတယ်။ ပြည်နယ်မှာက လူထုယုံကြည်စိတ်ချရတဲ့ ကိုယ်စားပြုမှုတစ်ခု ပြည်နယ်ကိုယ်စားပြုမှုတစ်ခု ထွက်လာဖို့လိုတယ်ဆိုပြီမှ KSCC ကို စပြီး Organize လုပ်လိုက်တယ်ပေါ့။ ဒီထဲမှာ လွှတ်တော်အမတ်တွေ ပါတီစုံ ဒေသခံတွေ အဖွဲ့အစည်းတွေရယ် ညှိနှိုင်းပြီးတော့ စပြီး ဆွေးနွေးလာကြတယ်၊ KSCC ကိုဖွဲ့စည်းလာကြတယ်။ ဖွဲ့စည်းပြီးတဲ့နောက်မှာပဲ NUG ဖွဲ့နိုင်ဖို့ အဲဒီကနေပဲ သူတို့ရွေးချယ်တယ်ပေါ့။ ကေအဲန်ပီပီကနေ တိုက်ရိုက် NUG ကိုမသွားဘဲနဲ့ ဒီ KSCC ကို စဖွဲ့စည်းတယ်၊ အဲ့မှာပါဝင်တယ်၊ ပြည်နယ်ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုခုပေါ့လေ ပြည်နယ်အတိုင်ပင်ခံကောင်စီဆိုပြီး ဖွဲ့စည်းလိုက်တော့ အဲဒီကနေပဲ လူပုဂ္ဂိုလ်ရွေးပြီးတော့ NUG မှာ ပါလာခြင်းဖြစ်တယ်။ အဲဒါကတော့ ကေအဲန်ပီပီကနေ တိုက်ရိုက် NUG ကိုသွားတာမဟုတ်ဘူး၊ ဒါက ပြည်နယ်ကိုကိုယ်စားပြုအနေနဲ့ပဲ ပါဝင်တာဖြစ်တယ်။

မေး။ ။ စစ်ကောင်စီကနေပြီး ကချင်၊ ကရင် စတဲ့ တိုင်းရင်းသားဒေသမှာရှိတဲ့ ကျေးရွာတွေမှာ လေယာဉ်နဲ့ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအဲန်ပီပီအနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ကျတော်တို့အနေနဲ့ ပြောစရာအများကြီးပေါ့ တကယ်တမ်း PPST အနေနဲ့ ဥပမာ - KNU အနေနဲ့ဆိုရင် NCA လည်းထိုးထားတယ် PPST မှာလည်း ပါနေတယ်ပေါ့လေ။ သို့သော် တစ်ဖက်မှာလည်း တိုက်နေကြတယ်။ NCA ထိုးပြီးကတည်းကိုက အမြဲတမ်းတိုက်နေကြဖြစ်တယ်။ ဒီအပြင် နောက်ပိုင်းမှာဆိုရင် ရှမ်းပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်တယ် ကချင်နဲ့လည်း အကြီးအကျယ်ဖြစ်တယ်ပေါ့။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်မယ် စစ်အာဏာမသိမ်းခင်ကတည်းက ငြိမ်းချမ်းရေးကမ်းလှမ်းတယ် ဆွေးနွေးနေကြတယ် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲတယ် စသဖြင့်ပေါ့ အမျိုးမျိုးထုတ်ပြန်လာတယ် သို့သော် တစ်ဖက်မှာလည်း တိုက်နေတာပဲ။ အဲဒီကြားထဲမှာ ကျတော်တို့လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာပဲ ဆက်သွားနေတော့ တိုက်ပွဲကတော့ မဖော်ဘူးပေါ့လေ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး တိုက်ပွဲများလာတယ် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မှုများလာတယ် မဆိုင်တဲလူထုတွေကိုလည်း လေယာဉ်နဲ့ဗုံးကြဲတာကအစပေါ့ ဖြစ်လာတော့ အဲဒီအပေါ်မှာလည်း အပြည်ပြည်ဆိုင်ရဲ့စစ်ဥပဒေအရပဲပြောပြော ဒါကတော့ စစ်လေယာဉ်နဲ့မသုံးသင့်ဘူးပေါ့ ကန့်ကွက်တယ်။ ဥပမာ - စစ်တပ်ချင်း တိုက်ခိုက်တယ်ဆိုတာကတော့ ထုံးစံပဲပေါ့နော အခုက ဘာမှမဆိုင်နဲ့ လူထုတွေကို ဖမ်းဆီးနှိပ်စက်တာတို့ လေယာဉ်နဲ့ကြဲတာတို့က စစ်ကျူးလွန်တာပဲပေါ့ လူထုအပေါ် မတရားဖိနှိပ်တာပဲပေါ့ ဒါကိုလည်း ကန့်ကွက်တယ်မဖြစ်စေချင်ဘူး။ ကျတော်တို့အနေနဲ့က လူထုကို ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် နှိပ်စက်မယ် ဖမ်းဆီးမယ် သပိတ်မှောက်တဲ့လူထူတွေကို ဖြိုခွဲနေမယ်ဆိုရင် ဒီအတိုင်းရပ်နေလို့မရဘူး ဒါကတော့ လူတိုင်းသိပြီးသားဖြစ်ပါ။ ကျတော်တို့ရဲ့ အတိုင်းအတာ အခြေအနေအကြောင်းကြောင့် ဒီဖြစ်စဉ်ကို ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းကြမလဲဆိုတာ စဉ်းစားဖို့လိုတယ် အဲဒါကို စောင့်နေတဲ့အနေအထားတစ်ခုပါပဲ။ တကယ်လို့ အဲဒီလိုပဲဆက်သွားနေမယ်ဆိုရင် ဒီအတိုင်းငြိမ်နေလို့မရဘူးဆိုတာ ပြောစရာတောင်မလိုဘူးကေါ့ ဒါကတော့ ကျတော်တို့ဖက်ရဲ့အနေအထားပါ။

မေး။ ။ ကေအဲန်ပီပီအနေနဲ့ EAO အဖွဲ့တွေနဲ့ နိုင်ငံရေးအခင်းအကျင်း ဆွေးနွေးမှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျတော်တို့ကတော့ CRPH နဲ့လည်းဆွေးနွေးတယ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း အမြဲတမ်းဆွေးနွေးကြပါတယ်။ ဥပမာ - အရှေ့တခြမ်းလုံးမှာရှိတဲ့ မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ KIA စသဖြင့်ပေါ့လေ အားလုံးတူတူ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဒီဟာကို ငါတို့ဘယ်လိုပူးပေါင်းဖြေရှင်းကြမလဲဆိုတဲ့ လမ်းကြောင်းအပေါ်မှာရှိနေတယ် အမြဲတမ်းညှိနှိုင်းမှုလုပ်နေပါတယ်။

မေး။ ။ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်အာဏာသိမ်းအဖွဲ့ကို ပြည်သူလူထုနဲ့အတူရပ်တည်ပြီး တိုက်ထုတ်ဖို့ ပြောဆိုနေကြတဲ့အပေါ် ဘယ်လိုတုန့်ပြန်ချင်လဲ။

ဖြေ။ ။ တချို့က စစ်မတိုက်ဖူးလို့ပါ။ ဥပမာ - မြို့ထဲမှာ သပိတ်မှောက်နေတဲ့ လူထုတွေပေါ့နော သူတို့ကတော့ လူငယ်ပီပီ ပြန်ချမယ် သူတို့သေနတ်နဲ့ပစ်ရင် ပြန်ပစ်ချင်တယ် အဲလိုမျိုး ဆန္ဒရှိကြမှာပဲ လူတိုင်းက ကျတော်တို့ စစ်တိုက်ဖူးတဲ့လူက တကယ်လို့ ကျတော်တို့ လူထုကြားမှာ သေနတ်နဲ့ဝင်ပစ်မယ် အကာကွယ်ဝင်ယူပေးမယ် သူတို့ကိုပြန်ပစ်မယ်ဆိုရင်တော့ ဒီချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းလား လူထုလား သူတို့ခွဲခြားမှာမဟုတ်တော့ဘူး ပိုပြီးတော့ အထိနာလိမ့်မယ် ဒီဟာကို လူထုကိုပြောပြချင်တယ်။ စစ်တိုက်တယ်ဆိုတာက အရှေ့မှာ မဲမဲ စိမ်းစိမ်း မြင်တိုင်း ပစ်တော့မယ် ဒါကလည်း စစ်ရဲ့သဘောတရားပဲ ကျတော်တို့ လူထုကြားမှာ သေနတ်သံသွားထွက်လို့ ပြန်ပစ်မယ်ဆိုရင် သူတို့ခွဲခြားတော့မှာမဟုတ်ဘူး လူထုကော လက်နက်ကိုင်တဲ့သူတွေ ပြန်ပစ်တော့မှာ အထိနာလိမ့်မယ်။ ဒါကတော့ မြို့တွင်းအနေအထားပေါ့နော မြို့တွင်းလူထုတွေတော့ တောင်းဆိုတယ်ပေါ့။ ကျတော်တို့ စစ်ရေးအနေအထားအရ ဒါတွေကို ရှောင်ရှားရတယ် ကြောက်လို့တော့မဟုတ်ဘူး စစ်တိုက်တယ်ဆိုတဲ့အမျိုးက သူလည်းသေနတ်ရှိတယ် ကိုယ်လည်းသေနတ်ရှိတယ် ထိရင်လည်းသေကြတာပဲ ကြောက်လို့တော့မဟုတ်ဘူး အနေအထားတစ်ခုအရ ကျတော်တို့အခြေအနေကြည့်ရတာပါ အဲဒါကတော့ မြို့တွင်းလူထုကိုပြောပြချင်တယ်။ နောက်ပြီးတော့ ကျေးလက်တောရွာမှာက နှစ်ပေါင်း ၇၀ လောက် ပိုပြီးခံစားလာရတယ် ဒါတွေကို မြို့တွင်းက မသိဘူး တခြားဗမာပြည်က အသိုင်းအဝိုင်းတွေ မြို့ကြီးတွေမှာနေတဲ့လူထုတွေကို ဒါတွေကိုမသိတော့ သူတို့ကတော့ စစ်ဖြစ်စေချင်တယ်ပေါ့။ တစ်ဖက်မှာ နယ်စွန်နယ်ဖျားမှာရှိတဲ့ ကျေးလက်တောရွာတွေကတော့ တိုက်ပွဲပြန်ဖြစ်မှာကို တအားစိုးရိမ်တယ်။ အတွေ့အကြုံရှိတဲ့လူထုနဲ့ တိုက်ခိုက်မှုကြားမှာမကြုံဖူးသေးတဲ့လူထုဆိုတာ နှစ်မျိုးရှိသေးတယ်။ အဲဒီထဲမှာ အခုလောလောဆယ်ကတော့ တကယ်မြို့ကြီးပြကြီးမှာနေတဲ့လူငယ် လူထုတွေကတော့ ပြန်ချချင်တယ် သို့သော် ကျေးလက်တောရွာမှာနေတဲ့လူထုကတော့ သူတို့အတွေ့အကြုံအရ ဘယ်လောက်စိုးရိမ်ပူပန်မှုရှိလဲဆိုတာ နားလည်တဲ့အတွက် မဖြစ်စေချင်သေးဘူး။ အဲဒီအပေါ်မှာကတော့ အနေအထားတစ်ခုအရ ကြည့်ရတာပေါ့လေ။ သို့သော် ကျတော်တို့က လူထုနောက်မြီးဆွဲလား မေးစရာလည်းဖြစ်လာတယ် ကျတော်တို့ နိုင်ငံရေးတစ်လျှောက်လုံးလုပ်လာတယ် တော်လှန်ရေးလုပ်လာတော့ ဘယ်လိုအခြေနေမျိုးမှ ဒါတွေဖြစ်သင့်တယ် ဒါတွေလုပ်သင့်တယ်ဆိုတာလည်း ကိုယ့်ကိုဆုံးဖြတ်တာပါ။ လူထုပြောမှ ထလုပ်ရတဲ့ဟာမျိုးလည်းမဟုတ်ဘူးပေါ့နော သို့သော် အများအတွက် ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ လူထုပြောတဲ့ တိုက်ဆိုလည်းတိုက် မတိုက်နဲ့ဆိုလည်း မတိုက်နဲ့ အဲလိုမျိုးဟာတော့ မလုပ်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျတော်တို့က နှစ်ပေါင်း ၇၀ ဆုံး ခေါင်းဆောင်အဆင့်ဆင့် ဦးဆောင်လာတဲ့အတွက် နိုင်ငံရေးက ဘယ်လိုသွားရမလဲ စစ်ရေးက ဘယ်လိုသွားရမလဲ စသဖြင့် လူထုနဲ့ဘယ်လိုချိတ်ဆက်ရမလဲ ဒါတွေက လူထုတွေထက် ကျတော်တို့က ပိုနားလည်တဲ့အတွက် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့မှ သွားနေတာဖြစ်ပါတယ်။

မေး။ ။ ပြည်ထောင်စုအဆင့် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းဖို့ လိုအပ်နေပြီလား ဘာကြောင့်လဲ။

ဖြေ။ ။ ဖက်ဒရယ်တပ်မတော်ကတော့ ပြောကြတယ်ပေါ့နော အမှန်ကတော့ အဝေးကြီးလိုသေးတယ် လက်ရှိ NUG တောင်မှ တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်မလဲ ဘယ်အခြေခံမူနဲ့အုပ်ချုပ်မလဲဆိုတာက အခု Chapter ထွက်လာတာတော့ရှိတယ် တကယ်တမ်း ပြည့်ပြည့်စုံစုံရှိတဲ့ အခြေခံမူတော့မဟုတ်သေးဘူး။ အမှန်က ဖက်ဒရယ်တပ်မတော်ဆိုတာကတော့ တကယ် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထွက်လာပြီးမှ ဒါကတော့ တပ်ဖွဲ့စည်းမှုနောက်ပိုင်းမှာလုပ်ရမယ် ဒီအခန်းကဏ္ဍက ပိုပြီးတော့မှ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကာကွယ်ရေးကို ဘယ်လိုဖွဲ့စည်းမလဲ ဘယ်လိုအာဏာပေးကြမလဲဆိုတဲ့ ဖက်ဒရယ်မူက မထွက်လာသေးဘူးပေါ့။ ခုနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဆင့်မျိုးကတော့ လုပ်လို့ရပေမယ့် ဖက်ဒရယ်တပ်ပေါင်းစုကတော့ တော်တော်လေးဝေးပါသေးတယ် ဒါကတော့ Dream ပေါ့ အိပ်မက်တစ်ခုမှာရှိသေးတယ်။ အရင်ဆုံးပြီးဆုံးရမှာက ဖက်ဒရယ်အခြေခံမူက အရေးကြီးဆုံးပဲ အဲဒီအောက်မှာမှ ရှင်းရှင်းလင်းလင်းရေးချထားမှ ပြည်နယ်နဲ့ပြည်ထောင်စုက ဘယ်လိုအာဏာခွဲဝေမှုလုပ်မလဲ ကာကွယ်ရေးတပ်ဖွဲ့ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ အခြေခံမူက ကောင်းမှသာလျှင် ဒီဟာက နောက်မှာလာမှာဖြစ်တယ်။ အဲဒီမတိုင်ခင်ကတော့ ပြည်နယ်ကိုယ်စားပြုတစ်ခုခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်တယ် သို့သော် ဒါက ယာယီပဲဖြစ်ရမယ် ဖက်ဒရယ်ကတော့ တော်တော်လေးကြာအုံးမှာပေါ့လေ။ တကယ့်ပြီးပြည့်စုံတဲ့အခြေခံမူတစ်ခုထွက်လာပြီးတော့မှ လူထုကလည်း အတည်ပြုပြီးမှ ဖက်ဒရယ်တပ်မတော်ဆိုတာက ဖြစ်လာနိုင်မှာ။

မေး။ ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးသမား၊ တက်ကြွလုပ်ရှားလုပ်ရှားသူ၊ ကျောင်းသားလူငယ်တွေ ကေအဲန်ပီပီမှာ ခိုလှုံခွင့်တောင်းခံတာတွေရှိလား၊ ဘယ်လောက်ထိကူညီပေးနိုင်လဲ။

ဖြေ။ ။ အရင်က ၈၈ အရေးခင်းနဲ့ ဒီအရေးခင်းက သိပ်မတူဘူး။ ၈၈ တုန်းက ပြည်မကလူထုတွေက နယ်စပ်ဖက်ကို ခိုလာကြတယ် သူတို့က စစ်ပညာယူတယ် လက်နက်ယူပြီးပြန်တိုက်မယ်ဆိုတာ ရိုးရိုးလေးပဲတွက်တယ် အားလုံးထွက်လာကြတယ်ပေါ့။ အခု အရေးခင်းမှာကတော့ အဲလိုမစဉ်းစားကြတော့ဘူး တောခိုတာက တော်တော်နဲ့ပြန်ဝင်လို့မရဘူးဆိုတာသိလို့ တော်ရုံသိပ်မလာကြဘူး လာရင်လည်း အနီးနားလောက်မှာပဲ ခိုတယ် သွားရှောင်နေတယ် ဘာလုပ်ကြမလဲဆိုတာ ဆွေးနွေးကြတယ် အခုအရေးခင်းမှာပေါ့လေ။ ဒီမှာကတော့ အဓိက ဆက်သွယ်ရေးက အရေးကြီးတဲ့အတွက် ဆက်သွယ်ရေးရှိမှ အလုပ်လုပ်နိုင်တဲ့သူလောက်ပဲ နယ်စပ်ကိုထွက်လာတာတွေရှိတယ် များများစားစားတော့မဟုတ်ဘူး။ ကျတော်တို့က မကောင်းတဲ့အစိုးရတစ်ခုကိုတော်လှန်တယ်ဆိုရင် တော်လှန်တဲ့လူထုကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုတာတော့ ပေါ်လာစီရှိပြီးသားပါ။ ဆိုတော့ မကောင်းတဲ့အစိုးရ အာဏာသိမ်းတဲ့စစ်ကောင်စီကိုဆန့်ကျင်တဲ့ လူထုမှန်သမျှကတော့ ဝိုင်းဝန်းကူညီဖို့လိုတယ် အကာကွယ်ပေးနိုင်ဖို့တာဝန်ရှိတယ်ဆိုတာတော့ ချမှတ်ထားတယ်။ လာရင်လည်း ကူညီရမှာပဲ လူသားချင်းစာနာထောက်ထားတယ်ပဲပြောပြော သူတို့နိုင်ငံရေးဆက်လုပ်နိုင်ဖို့အတွက်ပဲပြောပြော ဒါတွေတော့ ကျတော်တို့မှာ တာဝန်ရှိတယ် ကူပေးသင့်တယ် လုပ်လည်းလုပ်နေပါတယ်။ သို့သော် အရင် ရှေးရှေးလိုမျိုးကတော့ အများကြီး မဖြစ်လာပါဘူး။ သူတို့လည်း နားလည်တာက အပြင်ထွက်သွားလို့လည်း ဘားမှမထူးဘူးဆိုတာ နားလည်ကြတော့ ပြည်တွင်းမှာပဲနေကြတာများတယ်။

မေး။ ။ အာဆီယံအစည်းအဝေးမှာဆိုရင် မြန်မာနိုင်ငံအတွက် ပြည်သူလူထုက အများကြီးမျှော်လင့်ထားကြပေမယ့် ဖြစ်မလာတာတွေရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ လူထုတွေကတော့ မျှော်လင့်နေမှာပဲ R2P တို့ UN တို့ စသဖြင့်ပေါ့ အများကြီးမျှော်လင့်ထားတယ် သို့သော် သူများနိုင်ငံကလည်း နိုင်ငံတစ်ခု တစ်ခုက သူ့စည်းမျဉ်းစည်းကမ်းရှိတာကိုး ဥပမာ - သူများပြည်တွင်းရေးကို ဝင်မစွက်ဖက်ရ စသဖြင့် အဲလိုမျိုးရှိတော့ ဥပမာ - R2P ဝင်လာတော့မယ် ပြောတာအများကြီးပေါ့ သို့သော် ဝင်လာဖို့ဆိုတာက အချက်အလက်တွေအများကြီးရှိရပါတယ် ဒီနိုင်ငံထဲမှာ ဘာလက်နက်ကိုင်အဖွဲ့အစည်းမှမရှိဘူးဆိုရင် သူတို့ဝင်လို့ရတယ်။ အခုက လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစုံ ပတ်ချာလည်နေတယ်။ ဆိုတော့ ဘယ်အဖွဲ့အစည်းက သူ့ကိုဆန့်ကျင်နေလဲ ဘယ်အဖွဲ့အစည်းက ပေါင်းနေလဲဆိုတာက လူထုက သိနေပြီးသားဆိုတော့ ဥပမာ - အဖွဲ့အစည်းတိုင်းက သူ့ကိုဆန့်ကျင်နေတယ်ဆိုရင် တစ်မျိုးစဉ်းစားလို့ရတယ် အဖွဲ့အစည်တိုင်းကလည်း သူ့ကို မဆန့်ကျင်ဘူး ပေါင်းတဲ့သူကပေါင်းနေတော့ ဒါက သူများနိုင်ငံတကာရဲ့ စံချိန်စံနှုန်းသတ်မှတ်ချက်တွေကရှိတော့ ဘယ်လိုမှမပြောချင်ဘူး။ လူထုကိုပြောချင်တာက ကိုယ့်ကိုထလုပ်မှ ရတော့မယ့်အနေအထားရှိတယ်။ ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာလည်း ကျတော်တို့ကလည်း မျှော်လင့်ထားပြီးသားပဲ ဒီလိုပဲထွက်လာမှာပဲဆိုတာ သိထားပြီးသား။ ဘာဖြစ်လို့လဲဆိုရင် သူများနိုင်ငံက ခေါင်းဆောင်တွေဖြစ်တဲ့ သူတွေက သူ့နိုင်ငံအရေးကိုပဲ ပိုဦးစားပေးမှာပဲ။ သူများရဲ့အတွင်းရေးကိုတော့ သိပ်ဦးစားပေးမှာမဟုတ်ဘူး တစ်ဖက်မှာကြည့်လိုက်ပြန်တော့လည်း သူ့လိုအာဏာသိမ်းထားတဲ့ ခေါင်းဆောင်လည်းရှိတော့ ဒီဟာက အများကြီး ပိုအားနည်းစေတယ်ပေါ့။ ကျတော်တို့ကတော့ အာဆီယံရဲ့ ဆွေးနွေးပွဲမတိုင်ခင် ဒီလိုပဲ ထွက်လာမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုရင် လူ့အခွင့်အရေးကို အကြီးအကျယ်လုပ်နေတဲ့ US တို့တောင်မှ လူထုကို ဘာမှ မကယ်နိုင်ဘူးပေါ့။ Section ချတာကလွဲလို့ စစ်ရေးအရ အရေးယူ ဆောင်ရွက်လို့မရတဲ့ဟာရှိတယ်။ အကောင်းဆုံးကတော့ လူထုတစ်ရပ်လုံး အဖွဲ့အစည်းအားလုံးက ညီနေရင်တော့ ဘားမှပြောစရာမလိုဘူး သူများကိုလည်း အားကိုးစရာမလိုဘူး။

မေး။ ။ အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် ကေအဲန်ပီပီအနေနဲ့ ပြန်တိုက်ဖို့ အသင့်အနေဖြစ်ပြီလား ဘယ်လိုပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ထားပြီလဲ။

ဖြေ။ ။ ပြင်ဆင်မှုကတော့ မပြောလိုတော့ဘူး သို့သော် သူများကိုယ့်ကိုတိုက်မှတော့ ငါ့ကိုမတိုက်နဲ့ ငါကြောက်ပါတယ် ဘယ်သူမှပြောမှာမဟုတ်ဘူး ငါကယောကျ်းပဲပြောသလိုပေါ့လေ။ ကိုင်ထားတာ လေးဂွလည်းမဟုတ်ဘူး။ တိုက်လာမှတော့ ကိုယ်ကလည်း ခုခံပြန်တိုက်ရတော့မှာပေါ့ ဒါတစ်ခု။ နောက်ပြီးတော့ တိုက်လာမှ တိုက်မလားဆိုတဲ့ဟာလည်း မေးစရာပေါ့လေ။ ပြောသလိုပဲ အခြေအနေတစ်ခုအရ မဖြစ်သင့်တေ့ဘူး ငြိမ်လို့မရတော့ဘူးဆိုရင်တော့ လုပ်သင့်တာလုပ်ရတော့မယ် မှန်ကန်တဲ့ဆုံးဖြတ်ချက်အပေါ်မှာ အများကြီးမူတည်တယ် ဖြစ်တဲ့ဖြစ်စဉ်အပေါ်မှာလည်း အများကြီးမူတည်တယ်။

မေး။ ။ စစ်ကောင်စီကနေ အာဏာသိမ်းလာတာ ၃ လရှိနေပြီ ဒီကြားထဲ အကြမ်းဖက်ဖြိုခွင်းတာ ဖမ်းဆီးတာ တရားစွဲဆိုတာ ရိုက်နှက်တာ စသဖြင့် အများကြီးရှိတယ်။ ရှေ့ဆက်မှာ မြန်မာနိုင်ငံအရေး၊ ပြည်နယ်အရေး ဘာတွေဖြစ်လာနိုင်လဲ ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဒီနေ့အထိ တဖြေးဖြေး စစ်ပွဲတွေများလာတာရှိတယ် လူထုတွေကလည်း ဖမ်းဆီးခံရမှုတွေ ကျဆုံးမှုတွေ များလာတာရှိတယ်။ ရှေ့ဆက်လည်း ဒီထက်ပိုဖြစ်မယ်လို့မြင်တယ် ဘာလို့ဆိုရင် တစ်ဖက်မှာ စစ်ကောင်စီကလည်းမလျော့ဘူး လူထုလည်း မလျော့ဘူး အဲ့တော့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည် ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူးပေါ့။ သူတို့ဖက်ကနေ စစ်ကောင်စီပေါ့နော သူတို့အပေါ်မှာအများကြီးမူတည်တယ်။ လူထုကို ဒီနည်းလမ်းတစ်ခုခုနဲ့ အနုနည်းနဲ့လမ်းကြောင်းတစ်ခုပေါ်မှာ မရှင်းရင်တော့ ဒီထက်ဆိုးလာဖို့ပဲရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူ့လူထုပဲကို လူထုကိုထိရင်တော့ ဒီတိုင်းရပ်နေလို့မရဘူးပေါ့။ စစ်ကောင်စီသာမလျော့ဘူး ညှိနှိုင်းမှုမလုပ်ရင်တော့ ဒီထက်ဆိုးလာဖို့ပဲရှိတယ်။ ဆိုးလာမယ်လို့လည်းမှန်းထားတယ် သူကလျော့ဖို့လည်းမရှိဘူ လက်ရှိအနေအထားအရ တွေ့နေရတယ်ပေါ့။

မေး။ ။ ထပ်ပြီး ဖြည့်စွက်ပြောစရာတွေရှိသေးလား။

ဖြေ။ ။ NUG က လူထုကိုတကယ်ဦးစီးဦးဆောင်မယ်လို့ မျှော်မှန်းထားတယ် ရည်ရွယ်ထားတယ် လုပ်လည်းလုပ်နေတယ်ပေါ့။ သို့သော် ဒီထက်မြန်ဆန်တဲ့ဦးဆောင်မှုက ထွက်ဖို့လိုပြီ။ နိုင်ငံရေးက ဘယ်လိုသွားမလဲ သူတို့နဲ့ဆွေးနွေးသင့်လား မဆွေးနွေးသင့်ဘူးလား စသဖြင့် သူတို့စဉ်းစားဖို့လိုပြီ။ တိုင်းရင်းသားအဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း အားလုံးအချိတ်ဆက်မိဖို့လိုတယ်။ စစ်ကောင်စီနဲ့လည်း သူ ဆွေးနွေးသင့်ရင်လည်း ဆွေးနွေးရမှာပဲပေါ့နော။ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသွားတဲ့ နည်းလမ်းတစ်ခုပေါ့နော။ သူတိုက်မယ်ဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စနစ်တကျ သူတို့လုပ်ဖို့လိုလာပြီ။ ဒီဟာကိုလည်း ပီပီပြင်ပြင် ဦးဆောင်ဖို့လိုလာပြီ NUG ရဲ့အခန်းကဏ္ဍကိုပြောပြချင်တာပေါ့နော။ လူထုကလည်း ဒီဟာတွေကိုနားလည်ဖို့လိုတယ် ဘယ်သူ့ကိုဆရာတင်ရမလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်းသိဖို့လိုတယ် အားလုံးက ငါ့ဟာငါလုပ်မယ်ဆိုရင်တော့ တစ်သက်လုံးအောင်မှာမဟုတ်ဘူး။ တချို့လူငယ်တွေရှိတယ် တချို့ ဒေသခံအဖွဲ့အစည်းဖြစ်တယ် ငါ့ငါထလုပ်မယ်ဆိုတဲ့ဟာလည်းရှိတယ်။ သို့သော် ဒီအချိန်မှာသွားလုပ်လို့မရဘူး။ လူထုပဲပြောပြော အဖွဲ့အစည်းပဲပြောပြော တကယ်တမ်းစည်းလုံးညီညွတ်မှုရှိမှ နောက်ပြီးတော့ ဆရာတစ်ခုတည်း အမိန့်ညွှန်ကြားချက်က တစ်နေရာတည်း တစ်ခုတည်းကနေလာမှ အောင်မြင်မယ်ဆိုတာ လူထုကိုလည်းပြောချင်တယ် အားလုံးအဖွဲ့အစည်းကိုလည်းပြောချင်တယ် NUGကိုလည်း ဒီထက်မြန်ဆန်တဲ့ စီမံခန့်ခွဲမှုတွေလုပ်ဖို့လိုတယ် စစ်ကောင်စီနဲ့လည်း ညှိနှိုင်းသင့်ရင် ညှိနှိုင်းရမယ်ဆိုတာ ကျတော့်အနေနဲ့ ပြောလိုတယ်ပေါ့။

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...