CDM ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးဖို့လိုအပ်နေ

CDM ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးဖို့လိုအပ်နေ

လုပ်ငန်းယန္တာရားတွေရပ်တန့်အောင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM လုပ်ဆောင်နေကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအားလုံးကို နည်းလမ်းကောင်းကောင်းဖြင့် နောက်ကွယ်ကနေ စီမံခန့်ခွဲမှုပေးနိုင်သောသူ လိုအပ်နေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်က ပြောလိုက်ပါသည်။

“တကယ်လို့သာ အစိုးရဝန်ထမ်းတွေအားလုံးက ဘာမှမလုပ်ဘဲနဲ့ အပြင်မှာထွက်နေရင်တော့ အစိုးရကလည်း လည်ပတ်နိုင်မှာမဟုတ်ဘူး။ သို့သော် အဲဒီကြားထဲမှာ နည်းလမ်းကောင်းကောင်းလေးနဲ့ နောက်ကွယ်ကနေ စီမံခန့်ခွဲမှုကောင်းကောင်းလေး လုပ်ပေးနိုင်တဲ့သူကလိုတယ်။ ဆိုတော့ အခုက ဝင်တော့ဝင်နေကြတယ်ပေါ့နော CDM ဝင်တယ် တချို့ကလည်း ရုံးတွေပြန်တက်ကြတယ် အဲလိုမျိုးရှိတယ်။ ဘာဖြစ်လို့ အဲလိုမျိုးဖြစ်ရလဲဆိုရင် နောက်ကွယ်က သေချာစီမံခန့်ခွဲပေးတဲ့သူက လိုအပ်တယ်။ အကြောင်းကလည်း အမျိုးမျိုးပေါ့လေ တချို့ကလည်း မိသားစုတွေရှိတယ် တချို့ကလည်း ဒေသခံမဟုတ်ဘူး ဒေသခံဝန်ထမ်းကတော့ ပြဿနာမရှိဘူး စားဝတ်နေရေးက ပြဿနာမရှိပေမယ့် တခြားပြည်နယ်က ဝန်ထမ်းတွေက် အစိုးရဝန်ထမ်းအိမ်ယာမှာနေရတယ် လစာကိုမှီခိုပြီး ရပ်တည်တာရှိတယ်ဆိုတော့ သူကို ထောက်ပံ့မယ့်သူမရှိဘူးဆိုရင် သူက ခံနိုင်မှာမဟုတ်ဘူး အဲဒါနဲ့ ပြန်ဝင်သွားကြတာရှိတယ်။ ပြန်ဝင်တဲ့သူတွေကလည်း တရားစွဲခံရတာရှိတယ်။ အကောင်းဆုံးဖြစ်ရမှာက နောက်ကွယ်မှာ သူ့ကို ကောင်းကောင်းစီမံခန့်ခွဲပေးနိုင်တဲ့သူ၊ သူတို့ကို Plan ချပေးနိုင်တဲ့သူ လိုအပ်တယ်ဆိုတာ ပြောပြချင်တယ်” ဟု ခူးဒယ်နီယာယ်ကပြောသည်။

စစ်ကောင်စီအုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်သည့် သပိတ်များတွင် ဌာနဆိုင်ရာအသီးသီးမှ အစိုးရဝန်ထမ်းအများအပြား ပါဝင်လာခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာညွန်ကြားရေးမှူးများ၏ ဖိအားပေးမှု၊ အရေးယူမှု၊ ခြိမ်းခြောက်မှု၊ တရားစွဲဆိုမှု စသဖြင့် ပြောဆိုနေပြီး CDM ဆက်လက်တောင့်ခံနိုင်ရန်အတွက် စီမံခန့်ခွဲမှုလိုအပ်သည်ဟု ဆိုပါသည်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆက်လက်ပြီး တောင့်ခံပေးဖို့လိုတယ်။ ဆိုတော့ ဒါကို တောင့်ခံပေးဖို့ကလည်း အဖက်ဖက်က CRPH သော်လည်းကောင်း၊ NUG သော်လည်းကောင်း၊ သက်ဆိုင်တဲ့ ပြည်နယ်တွေကသော်လည်းကောင်း ကြိုးစားပေးနေကြတာရှိတယ်ပေါ့။ ဒါပေမယ့် တော်လှန်ရေးဆိုတာကတော့ အားလုံးက ပေးဆပ်ခြင်းနဲ့ အနစ်နာခံရခြင်းတွေ အများကြီးရှိပါတယ်။ ဒီအပေါ်မှာကတော့ ပြည့်စုံတယ် မပြည့်စုံဘူးဆိုတာကတော့ ဒီက နိုင်ငံရေးပေါ့နော ခုခံတော်လှန်ရေးရဲ့ သဘောသဘာဝကို အားလုံးကလက်ခံပြီးတော့မှ ဆက်လက် တိုက်ပွဲဝင်ကြပါလို့ ကျတော်က အဲလိုပြောချင်ပါတယ်” ဟုပြောသည်။

ပညာရေးဝန်ထမ်းများအနေနှင့် သင်္ကြန်ကာလပြီးနောက်ပိုင်းတွင် ဖိအားပေးခံရမှုအများဆုံးဖြစ်နေပြီး CDM ဆက်လုပ်ပါက အလုပ်မှထုတ်ပယ်မှာဖြစ်ကာ Non-CDM ပြန်ပြောင်းပါက စွဲချက်တင်ထားတဲ့ပြစ်ချက်များကို အရေးမယူဘဲ ဖြေလျော့ပေးမှာဖြစ်ကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရပါသည်။

အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက “သင်ကြားရေးလုပ်သားတွေပေါ့နော CDM လုပ်နေတဲ့ ကျတော်တို့ ဆရာဆရာမတွေကို Non CDM ကို ရုံးမှာပြန်လာပြောင်းပေါ့ အဲလိုပြောင်းမယ်ဆိုရင် လစာပေးမယ် အကယ်၍ CDM ဆက်လုပ်မယ်ဆိုရင် လစာမပေးဘူးဆိုတဲ့ လစာအပေါ် အခြေခံပြီး ခြိမ်းခြောက်ပြီးတော့ ပြောတာတော့ရှိတယ်။” ဟု ဆိုပါသည်။

လူထုတစ်ရပ်လုံးအပါအဝင် CDM လုပ်ဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းအားလုံးက နိုင်ငံကိုယ်စားပြုအစိုးရဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား အများကြီးမျှော်လင့်ထားသလို CDM ပြုလုပ်ကြသည့် ဝန်ထမ်းများကို ထောက်ပံ့မှုပေးနိုင်ရန်အတွက် ၎င်းတို့တွင် တာဝန်ရှိသည်ဟု ခူးဒယ်နီယာယ်က ဆက်ပြောပါသည်။

“လူထုတစ်ရပ်လုံးအပါအဝင် CDM အားလုံးက CRPH ကို အများကြီးမျှော်လင့်လို့ပဲ ဒီလိုပါဝင်လာခဲ့တာပေါ့လေ။ ဒီနောက်ပိုင်းမှာက NUG ပေါ်လာတယ်ဆိုတော့ အဓိကတာဝန်ရှိတာ သူတို့ပဲ အမှန်တော့ နိုင်ငံကိုယ်စားပြုအစိုးရတစ်ခုအနေနဲ့ သူတို့ရှိနေတယ်ပေါ့လေ။ ဖြစ်စဉ်အားလုံးက သူမှာတာဝန်အကြီးဆုံးပဲ CRPH ပဲပြောပြော NUG ပဲပြောပြော ဒီဖြစ်စဉ်အားလုံးအပေါ်မှာ တာဝန်အရှိဆုံးပဲလို့မြင်တယ်။ ခုနပြောတဲ့ CDM ဝင်တဲ့ဝန်ထမ်းတွေရဲ့ ထောက်ပံ့မှု စီစဉ်ပေးမှုက သူတို့မှာ တာဝန်ရှိတယ်ဆိုတာ ပြောလိုပါတယ်” ဟုဆိုသည်။

မေလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေကြသည့် ဝန်ထမ်းများကို ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးလျက်ရှိသည့် ဝန်ထမ်းအကြီးအကဲ၊ တက္ကသိုလ်ကောလိပ်၊ ကျောင်းအကြီးအကဲ၊ ဌာနအကြီးအကဲ (၂၈) ဦးကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ၎င်းတို့၏ ရာထူးတည်ရှိမှုအပါအဝင် ကိစ္စအဝဝကို ပြည်သူ့အစိုးရမှ လုံးဝ (လုံးဝ) အသိအမှတ်ပြုတော့မှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...