တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဘက်က ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦးဝင်းမြ၊ ဒေါက်တာမြသီတာ၊ Mr Ghassan Salam၊ ဒေါ်စောခင်တင့်၊ ဦးအေးလွင်နှင့် Ms Laetitia Van de Arsum တို့ တက်ရောက်ပြီး Mr Ghassan Salam က အဓိက ရှင်းလင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲပေါင်း ၁၃၀ ကျော် ပြုလုပ်ပြီဖြစ်ကာ လူပေါင်း ၁၀၀၀ နီးပါးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည့် အပြင် မတ်လ ၁၆ နေ့က အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီဟု ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဖွဲ့စည်းစဉ်ကာလက ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအပါအဝင် ပြည်နယ်လွှတ်တော် အမတ်တစ်ချို့နဲ့ တွေ့ဆုံခွင့်ရရှိခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ဘက်က တွေ့ဆုံမှုကို လက်မခံတဲ့အတွက် နောက်ထပ်တွေ့ဆုံပွဲတွေကို မပြုလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီနေ့ညနေပဲ ဖြစ်ဖြစ် ၊ မနက်ဖြန်ပဲဖြစ်ဖြစ် ၊ နောက်ခရီးစဉ်မှာပဲဖြစ်ဖြစ် သူတို့ဘက်ကသာ လက်ခံတွေ့ဆုံမယ်ဆိုရင် တွေ့ဆုံဖို့ အဆင့်သင့် ရှိပါတယ်”ဟု Mr Ghassan Salam က ပြောကြားခဲ့သည်။
ယင်းသို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်နယ်လွှတ်တော် အမတ်များနှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အမတ်များနှင့်လည်းကောင်း၊ ရခိုင်ပြည်နှင့် ရန်ကုန်ရှိ ရခိုင်များနှင့်လည်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး လွှတ်တော် အမတ်များဘက်က တင်ပြချက်များကို ဖတ်မှတ်လေ့လာနေသည်ဟု ဆိုသည်။
“ရခိုင်ဘက်က ပြဿနာသမိုင်းကြောင်းတွေကို အဓိကထား တင်ပြကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ရခိုင်သမိုင်းကြောင်းနဲ့ မြန်မာနိုင်ငံ သမိုင်းကြောင်းကို ဖတ်မှတ်လေ့လာနေပါတယ်။ သမိုင်းကြောင်းက အရေးကြီးပေမယ့် အနာဂတ်မှာ မူဆလင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ အတူတူနေလို့ ရနိုင်ပြီးတော့ အနာဂတ်ကောင်း ဖန်တီးနိုင်ရေးကိုပဲ ဦးစားပေး လုပ်ဆောင်နေပါတယ်”ဟု Mr Ghassan Salam က ပြောကြားခဲ့သည်။
မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် အစီရီကိုခံစာကိုလည်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံကြိုဆိုသည့်အပြင် အဆောလျင် အကောင်အထည်ဖေါ်၍ ရနိုင်သည့် ကိစ္စရပ်များကိုလည်း အကောင်အထည်ဖေါ်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံရာတွင်လည်း သူတို့က အစီရင်ခံစာကို လက်ခံကြိုဆိုသည်ဟု ပြောဆိုကြောင်း၊ သူတို့၏ အစီရင်ခံစာအပေါ် ဒေသခံများအနေဖြင့် လက်ခံသည့်အပိုင်းရှိသလို လက်မခံသည့် အပိုင်းလည်း ရှိနိုင်ကြောင်းနှင့် နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်ရာတွင် စနစ်တကျနှင့် ပိုမိုတိကျ မှန်အောင် ထုတ်ပြန်နိုင်ရန် တွေ့ဆုံပွဲများကို ပြုလုပ်သွားမည်ဟု ပြောကြားသွားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် အခြေစိုက်သတင်းမီဒီယာများဖြစ်သည့် နိရဥ္စရာသတင်းဌာန၊ Development Media Group၊ Ria နှင့် Eleven Media Group၊ Sky Net၊ DVB နှင့် အခြားမီဒီယားများတွင် အလုပ်လုပ်နေကြသည့် သတင်းထောက် ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဘက်မှ ရှင်းပြအပြီးတွင် သတင်းဌာနများကလည်း မေးခွန်းများ မေးမြန်းခဲ့ကြသည်။
“ရခိုင်ကို လာရောက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘင်္ဂလီ တွေတရားဝင်ဖြစ်ရေးနဲ့ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကိုပဲ လေ့လာပြီးတော့ တင်ပြကြတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂလီတွေသာမကပဲ ရခိုင်တွေဟာလည်း အစိုးရအဆက်အဆက်တွေ့ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ မြေယာသိမ်းခံရမှုတွေကို အနှစ်နှစ် အလလ ရင်ဆိုင်လာခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ရခိုင်ထက်ဝက်ကျော်ဟာ ရခိုင်ပြည်ပြင်ပကို ထွက်ခွာသွားခဲ့ရပါတယ်။ ထွက်ခွာတဲ့အထဲမှာ သာမန်အလုပ်သမားတွေသာမကပဲ၊ ပညာရှင်တွေ၊ ပညာတတ်တွေနဲ့ လုပ်ငန်းရှင်တွေလည်း ပါ၀င်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနမှ သတင်းမိမိမှ ထောက်ပြပြောဆိုခဲ့သည်။
Mr Ghassan Salam ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း နိုင်ငံတော် အကြံပေးကော်မရှင်က ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ဖြေကြား ပြောဆို သွားသည်။
အခြားသတင်းထောက်များကလည်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အစီရင်ခံစာ၏ တစ်ဘက်သတ်ဆန်မှုနှင့် အားနည်းချက်များကို ထောက်ပြပြောဆိုပြီး၊ မေးခွန်းများ မေးမြန်းခဲ့ကြသည်။
“ရခိုင်ပြည်နယ်အစိုးရနဲ့ ဒီနေ့ မနက်က တွေ့ဆုံတဲ့အခါမှာ အစိုးရအနေနဲ့ ကော်မရှင်အစီရင်ခံစာကို စတင်အကောင် ဖေါ်နေပြီးတော့ ရှေ့ဆက်လုပ်ဆောင်မယ့်ဟာတွေကို တင်ပြပေးတဲ့အတွက် စိတ်ကျေနပ်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ အစီရင်ခံစာအပေါ် သဘောတူတဲ့အပိုင်းရှိသလို သဘောမတူတဲ့အပိုင်းကိုလည်း ဝေဖန်ထောက်ပြပါတယ်”ဟု Mr Ghassan Salam က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သဘာသယံဇာတ ပေါကြွယ်ဝပြီး နောက်အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ၄င်းပြောကြားခဲ့သည်။
အကြံပေးကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကလည်း မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း၊ အနန္ဒစန္ဒြကျောက်စာသည် နှစ်ပေါင်း ၂၀၀ ကျော် မှတ်တမ်းများကို လက်ရေးလက်သား ကွဲပြားစွာ မှတ်တမ်းတင်ထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကျောက်စာ တစ်ချပ်ဖြစ်ပြီး ရခိုင်တို့၏ သမိုင်းကြောင်းကို ချပြဖြေရှင်းခြင်းသည် ပြဿနာ တစ်ချို့တစ်ဝက်ကို ဖြေရှင်းခြင်းဖြစ်သည်ဟု သတင်းထောက်များနှင့် သီးသန့်တွေ့ဆုံမှုတွင် ဖြေကြားခဲ့သည်။
ယင်းသို့တွေ့ဆုံမှုကို နေ့လယ် ၁ နာရီခွဲမှ ၃ နာရီခန့်ထိ ပြုလုပ်ခဲ့သည်။
ယခုတွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်အပါအဝင် နောက်အဖွဲ့ဝင်နှစ်ယောက် ပါ၀င်ခဲ့ခြင်းမရှိပေ။
ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသား ၆ ဦးနှင့် နိုင်ငံခြားသား ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မရှင်၏ သက်တမ်းသည် တစ်နှစ်ဖြစ်သည်ဟု သိရှိရသည်။







