“ ဆရာတော် ဦးစိန္တာကြေးသွန်းရုပ်တုကို မန္တလေးမှာ ကြေးသွန်း ဆရာကြီး ဦးသန်းဇော်က သွန်းလုပ်ခဲ့ပါတယ်။ ကျပ် ၄၈ သိန်းကုန်ကျပါတယ်။ ကြေးသွန်းရုပ်တုကို မန္တလေးမြို့ကနေ မေလ ရ ရက်နေ့ ညနေက ကားနဲ့ ပင့်ဆောင်လာပါတယ်။ မေလ ၈ ရက်နေ့မှာတော့ ဆရာတော်သီးတင်းသုံးခဲ့တဲ့ ကြာအင်းတောင် ဘုန်းတော်ကြီးကျောင်းမှာ အပူဇော်ခံပါတယ်။ ဒီကနေ့ နံနက် ၁၁ နာရီက ကြာအင်းတောင် ရွာကနေ ဆက်လက် ပင့်ဆောင်ရာမှာ မြေပုံမြို့ကို ညနေ ၅ နာရီခွဲမှာ ရောက်ရှိပါတယ်” ဟု ဆရာတော် ဦးစိန္တာ ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းသူ ကိုသွင်စိုးက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ဆရာတော် ဦးစိန္တာကြေးသွန်းရုပ်တုအား လက်ရှိတွင် မြေပုံမြို့ ဓမ္မာရုံတွင် အပူဇော်ခံထားရှိပြီး လူထုနှင့် ထိတွေ့နိုင်သော မြေပုံမြို့တစ်နေရာတွင် ကြေးသွန်းရုပ်တုကို စိုက်ထူ ဂုဏ်ပြုသွားမည်ဟု သိရသည်။
“ ဆရာတော် ဦးစိန္တာက ရခိုင်လယ်သမားတွေ လယ်မြေပိုင်ဆိုင်ရေး၊ ဗြိတိသျှနယ်ချဲ့ အစိုးရကို သီးစားခမပေးရေး၊ မြေခွန်မပေးရေး၊ နယ်ချဲ့ ဗြိတိသျှလက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် သီးသန့်ကြိုးစားခဲ့တဲ့ဆရာတော် တစ်ပါးပါ။ ဒီလို ဦးဆောင်ဆရာတော် တစ်ပါးကို ဂုဏ်ပြုပူဇော်လိုတဲ့ အတွက် ကြေးသွန်းရုပ်တုကို သွန်းလုပ်ပြီး မြေပုံမြို့မှာ ပူဇော်ဂုဏ်ပြုဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုသွင်စိုးက ဆက်လက် ပြောကြားသည်။
ယခု ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး အတွက် မန္တလေး၊ ရန်ကုန် မှ ရခိုင်အမျိုးသားများ အပါအဝင် မြေပုံမြို့မှ ဒေသခံများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခုလို ကြေးသွန်းရုပ်တုကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆရာတော် ဦးစိန္တာ ကြေးသွန်းရုပ်တုအား ကားဖြင့် ပင့်ဆောင်လာခဲ့ရာ ကားလမ်းဘေး ၀ဲယာ တစ်ဖက်တစ်ချက်ရှိ ကျေးရွာများမှလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။







