ခေတ်အဆက်ဆက် မျက်ကွယ်ပြုခံနေရသော တောင်သူလယ်သမားများအရေးကို အလေးပေးဆောင်ရွက်ရန် ရခိုင်တောင်သူလယ်သမား ၁ဝဝဝ ခန့် ဆန္ဒဖော်ထုတ်တောင်းဆို

ခေတ်အဆက်ဆက် မျက်ကွယ်ပြုခံနေရသော တောင်သူလယ်သမားများအရေးကို အလေးပေးဆောင်ရွက်ရန် ရခိုင်တောင်သူလယ်သမား ၁ဝဝဝ ခန့် ဆန္ဒဖော်ထုတ်တောင်းဆို
by -
နိရဥ္စရာ
မြောက်ဦးမြို့တွင် တောင်သူလယ်သမား ၁၀၀၀ ခန့်သည် ခေတ်အဆက်ဆက် မျက်ကွယ်ပြုခံထားရသော လယ်သမားများ၏ အရေးကို လက်ရှိ အစိုးရ အနေဖြင့် အလေးထားဆောင်ရွက်ရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

“ ရခိုင်တောင်သူ လယ်သမားတွေ ဘဝ တစ်နေ့ထက် တစ်နေ့ ပိုဆိုးရွားလာတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ခေတ်အဆက်ဆက် အစိုးရက တောင်သူလယ်သမားတွေရဲ့ အရေးကို မျက်ကွယ်ပြုလာတဲ့ အတွက် ဖြစ်တယ်။ ဒါကြောင့် ဒီလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရ လက်ထက်မှာ လယ်သမားတွေရဲ့ ဘဝ ပြောင်းလဲလာအောင် အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆန္ဒပြဦးဆောင်သူ ဦးစံထွန်းလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လယ်သမားများ အနေဖြင့် တစ်နေ့ထက် တစ်နေ့ ဆင်းရဲ မွဲတည်လာကြောင်း၊ ယင်းသို့ မွဲတည် လာရခြင်းမှာ စပါးထွန်ယက် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်များပြားပြီး စပါးရောင်းချရာတွင် စျေး အလွန်နိမ့်ကျနေသဖြင့် ကုန်ကျငွေနှင့် ရရှိလာသော အကျိုးအမြတ် မကိုက်၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ အခု စပါးစျေးက အရမ်းကျနေတယ်။ အရင်နှစ်တွေကဆိုရင် ရိုးရိုးစပါးရွှေဝါထွန်းတွေတောင် တောင်း (၁ဝဝ) ကို ကျပ် ၂ သိန်းကျော် ရွှေဝါထွန်းစပါးဆိုရင် ကျပ် ၃ သိန်းကျော်ရှိတယ်။ အခုဒီနှစ်ဆိုလို့ရှိရင် ရိုးရိုးစပါးတောင်း (၁ဝဝ)ကို ၁ သိန်းကျော်ပေးပြီး ၀ယ်မယ့်သူ တောင်မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့လယ်သမားတွေ အရှုံးပေါ်ပြီး အကြီးအကျယ် အခက်အခဲကြံုနေရပါတယ်။” ဟု ဦးစံထွန်းလှက ပြောသည်။

ရခိုင်တောင်သူလယ်သမားများ အနေဖြင့် စပါးစျေး ကျဆင်းမှုကြောင့် အမြတ်မရှိ၍ ဘဏ်ချေးငွေ မပေးဆပ်နိုင်သလို ဆင်းရဲနွမ်းပါးမှုမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေကြောင်း၊ တစ်ချိန်တည်းတွင် အခြေခံ စားသုံး ကုန်စျေးနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသဖြင့် များစွာ အခက်အခဲများဖြင့် ကြံုတွေ့ရင်ဆိုင်နေရကြောင်း မြောက်ဦးမြို့နယ် လေးမြို့ချောင်းထဲမှ လာရောက် ဆန္ဒဖော်ထုတ်သူ လယ်သမား ဦးမင်းနိုင်က နိရဥ္စရာသို့ ပြောသည်။

“ ဒီအချိန်မှာက ကျွန်တော်တို့ တောင်သူလယ်သမားတွေမှာ စပါးဈေးက အလွန်တရာမှ ကျဆင်းနေတယ်။ လူအသုံး အဆောင်ပစ္စည်းတွေ စားကုန်သောက်ကုန်ကအစ အစစအရာရာ ကုန်ဈေးနှုန်းတွေ မြင့်တက် နေတာကြောင့် ကျွန်တော်တို့တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အခက်အခဲကို အစိုးရသိအောင် ဆန္ဒပြရခြင်းဖြစ်တယ်” ဟု ဦးမင်းနိုင်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အချက် (၄) ချက်ဖြင့်အား တောင်းဆိုခြင်းဖြစ်ပြီး ၎င်းအချက်များမှာ တောင်သူ လယ်သမားများ၏ ဆန္ဒနှင့်အညီ စပါးဈေးကို မြင့်တင်ပေးရေး၊ စပါးဈေးကို လုံးဝ မြင့်တင်မပေးပါက စိုက်ဘဏ်ချေးငွေများကိုပြန်မဆပ်ရေး၊ လယ်သမားများ အိုးမဲ့၊ အိမ်မဲ့၊ လယ်မဲ့၊ ယာမဲ့၊ မဖြစ်စေရေး အတွက် ယခုနှစ်တွင် စိုက်ဘဏ်မှ ဘဏ်တိုးစသည့်အတိုးများကို မကောက်ခံရေး၊ နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို စာနာထောက်ထားရေး တို့ဖြစ်ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို မြောက်ဦးမြို့ သျှစ်သောင်းဘုရားအနီးမှ နေ့လယ် ၁၂ နာရီအချိန်၌ လူစု၍ ၁ နာရီတွင် စတင်ထွက်ခွာကာ မြို့တစ်ပတ် လည့်လည်ကာ ပိုစတာ၊ ဗီနိုင်းများ ကိုင်ဆောင်လျက် လမ်းလျှောက် ချီတက် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...