လုပ်သက်ပြည့် တပ်မတော်မှ သက်ကြီးတစ်ချို့ တပ်မှ ထွက်ခွင့်မရ ဖြစ်နေဟုဆို

လုပ်သက်ပြည့် တပ်မတော်မှ သက်ကြီးတစ်ချို့ တပ်မှ ထွက်ခွင့်မရ ဖြစ်နေဟုဆို
by -
နိရဥ္စရာ
ဘူးသီးတောင်၊ရသေ့တောင်၊ စစ်တွေရှိ တပ်ရင်းများတွင် လုပ်သက် ၃၀ ကျော်ပြီး၊ အသက် ၅၀ ကျော်နေပြီ ဖြစ်သော်လည်း တပ်မတော်မှ ထွက်ခွင့်မရဘဲ ဖြစ်နေ၍ တပ်မတော်မှ အထက် တာဝန်ရှိသူ လူကြီးများ သိရှိအောင် ဆောင်ရွက်ပေးပါရန် စစ်သားကြီး အချို့မှ နိရဥ္စရာသို့ ဖုန်းဆက် ပြောကြားသည်။

“ ကျွန်တော်တို့ လုပ်သက် ၃၀ ကျော်နေပါပြီ။ အသက်လည်း ၅၀ ကျော်နေပါပြီ။ တပ်က ထွက်ခွင့် တောင်းတာ ထွက်ခွင့်မပေးဘူး။ အခု အခက်အခဲတွေ တွေ့နေရပါပြီ။ ဒီအတွက် တပ်မတော်မှ အထက်လူကြီးတွေ သိအောင် ကူညီစေလိုပါတယ်” ဟု အမည်မဖော်လိုသူ တပ်ထဲမှ စစ်သားကြီး တစ်ဦးက ပြောဆိုသည်။

သူတို့မှာ လုပ်သက်လည်း ပြည့်ပြီ ဖြစ်ကြောင်း၊ တပ်ထဲဝင်စဉ်ကလည်း ၁၀ နှစ်တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း ခံဝန် လက်မှတ်ရေးထိုးပြီး ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့မှာ တစ်ခြား အကြောင်းမရှိပါဘူး။ အသက်ကြီးလာပြီ။ ကျန်းမာရေးလည်း မကောင်း တော့ဘူး။ ဒီအတွက် တပ်ထဲကနေ အနားယူချင်တာပါ။ အခု တပ်ထဲက အသက် အရွယ်ကြီးရင့်နေသူ တော်တော်များများ ထွက်ခွင့်မရ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ တပ်ရင်းတွေကပါ။ ဒီအတိုင်းဆို အသက် ၆၀ နဲ့တောင် တပ်က ထွက်ခွင့် ရပါ့မလားလို့ သံသယ ဖြစ်နေကြရတယ် ” ဟု ပြောဆိုသည်။

သူတို့၏ အမည်နှင့် တပ်ရင်းများကို မဖော်ပြရန်နှင့် ဖော်ပြ၍ အရေးယူခံရာပါက သူတို့ ခံစားရရှိမည့် အငြိမ်းစားပင်စင်များ ဆုံးရှုံးသွားနိုင်ကြောင်း ပြောကြားသည်။

လုပ်သက်ပြည့် အသက်အရွယ် ကြီးရင့်နေပြီး ထွက်ခွင့်မရ ဖြစ်နေသူ မည်မျှ ရှိကြောင်းကို သူတို့က အတိအကျ နိရဥ္စရာ သတင်းဌာနသို့ မပြောကြားသော်လည်း သက်ကြီး စစ်သားအများစုမှာ တပ်မတော်မှ ထွက်ခွင့်မရဘဲ ဖြစ်နေ၍ ကူညီ ပေးပါရန် စစ်သားကြီးများက ငါးကြိမ်ထက် မနည်း နိရဥ္စရာသို့ ဖုန်းဆက်ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...