ရန်ကုန်အလုပ်ရှာရန်သွားတဲ့သား စစ်တပ်ထဲ လိမ်လည်အသွင်းခံရဟု မိဘများကဆို

ရန်ကုန်အလုပ်ရှာရန်သွားတဲ့သား စစ်တပ်ထဲ လိမ်လည်အသွင်းခံရဟု မိဘများကဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာမှ တက္ကသိုလ် ပထမနှစ် အောင်မြင်ပြီးနောက် ရန်ကုန် အလုပ် လာရှာသော သူတို့၏ သားဖြစ်သူအား သူဌေးတစ်ဦးထံ အလုပ်ရမည်ဟု ဆိုကာ လိမ်လည် ခေါ်ယူသွားပြီး စစ်တပ်ထဲသို့ သွင်းလိုက်သည်ဟု မိသားစုများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းစစ်တပ်ထဲသို့ အသွင်းခံရသူမှာ ဦးဘသန်း၏သား မောင်နိုင်ဦး (၁၈) နှစ် ဖြစ်သည်။

ဖခင် ဖြစ်သူက “ ကျွန်တော်သားက ဆယ်တန်းအောင်ပြီး စစ်တွေ တက္ကသိုလ် တက်နေပါတယ်။ ဒီနှစ် မြန်မာစာ ပထမနှစ် အောင်မြင်ပြီးပါပြီ။ အလုပ်လုပ်မယ်ဆိုပြီး ရန်ကုန်သွားတာ သုံးလ လောက်ရှိပါပြီ။ နောက်ဆုံး အဆက်အသွယ် မရတော့ ရန်ကုန်တက်လိုက်ရှာတာ ဖုန်းအဆက်အသွယ်ရပါတယ်။ အခု မွန်ပြည်နယ် သထုံမြို့ အလံ ၁၀၀ မှာ သင်တန်း တက်နေပါတယ်” ဟု ပြောသည်။

မောင်နိုင်ဦးမှာ ယခုနှစ် မတ်လအတွင်းက တပ်ထဲသို့ ရောက်သွားခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့က အလံတရာ သင်တန်းကျောင်းသို့ သွားပြီး သားဖြစ်သူနှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ သားဖြစ်သူမှ ယခုလို ပြောပြကြောင်း ဖခင်ဖြစ်သူ ဦးဘသန်းက ယခုလို ပြောသည်။

“ ကျွန်တော်သားက ရန်ကုန်ကို အလုပ်လုပ်မယ်ဆိုပြီး တက်သွားတာပါ။ သုံးလလောက် ရန်ကုန်က ရွှေပြည်သာမှာ အိမ်တစ်အိမ်မှာ နေတုန်း လူတစ်ယောက် သူဌေးတစ်ဦးဆီမှာ အလုပ်ရမယ်၊ လစာ ကောင်းတယ် ဆိုပြီး လိမ်ခေါ်ယူသွားပြီး စစ်တပ်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေး တပ်က ဆရာကြီး လှမောင်သိန်းဆိုသူက သူ့ကို လက်ခံပြီး စစ်တပ်ထဲကို သွင်းလိုက်တယ်လို့ ပြောပါတယ်။ ကျွန်တော် မလုပ်ချင်ဘူးပြောတော့ ငွေ ၆ သိန်း လျော်ရမယ်လို့ ခြိမ်းခြောက်ပြောတယ်လို့ ကျွန်တော်သားက ပြန်ပြောပြ ပါတယ်။ ကျွန်တော့်သားက မိဘကို အကြောင်းကြားရင် စိတ်ညစ်မှာ စိုးတဲ့အပြင် တောင်းတဲ့ ပိုက်ဆံ ၆ သိန်းကိုလည်း မိဘက တတ်နိုင်မှာ မဟုတ်တဲ့ အတွက် ဘာမှ မပြောတော့ဘဲ တပ်ထဲကို ၀င်လိုက်တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

သူ့သားမှာ ပညာသင်ကြားနေတုန်း ဖြစ်နေ၍ တပ်မှ နှုတ်လိုသော်လည်း စစ်သင်တန်းတက်နေပြီ ဖြစ်သဖြင့် မည်သို့မှ လုပ်၍ မရဟုဆိုကာ အိမ်ပြန်လာခဲ့ကြောင်း၊ ယခုအခါ သူ့၏ အဖွားဖြစ်သူမှာ ထမင်းစားမဝင်၊ အိပ်မပျော် ဖြစ်နေပြီး စိုးရိမ်သောက ရောက်နေကြောင်း၊ မိမိတို့အနေဖြင့်လည်း သားကို တပ်ထဲမှ ပြန်လည် ထုတ်ယူလိုကြောင်း ဦးဘသန်းက ပြောဆိုသည်။

“ ကျွန်တော်တို့ ရန်ကုန်မှာရှိတုန်း ဆက်သွယ်ရေးတပ်က ဆရာကြီး လှမောင်သိန်းနဲ့ အဆက်အသွယ် ရပါတယ်။ သူက သူကိုယ်တိုင် သွင်းလိုက်တာလို့ ပြောပါတယ်။ ကျွန်တော်သားကို သူဌေးဆီမှာ အလုပ်ရမယ်၊ လစာကောင်းရမယ်ဆိုပြီး ခေါ်ယူလာတဲ့သူ ဘယ်သူလဲလို့ မေးတော့ သူက မပြောဘူး။ သူတို့ အလုပ်သဘောအရ ထိန်ချန်ထားပုံရပါတယ်”ဟု ဖခင်ဖြစ်သူ ဦးဘသန်းက ပြောသည်။

မောင်နိုင်ဦးနေထိုင်ခဲ့သော လှိုင်သာယာမှ နေအိမ်သို့ ဖုန်းဆက်မေးမြန်းရာ မောင်နိုင်ဦးအား လဘက်ဆိုင်တွင် ချိန်းဆိုပြီး ခေါ်ယူသွားပြီး စစ်တပ်ထဲသို့ ပို့လိုက်သဖြင့် မည်သူမှ ခေါ်ယူ သွားသည်ကို မိမိတို့ မသိရကြောင်း ပြောကြားသည်။

ယခုအခါ ဦးဘသန်းတို့မှာ ပုဏ္ဍားကျွန်းမြို့နယ် နတ်တောင်ရွာသို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...