တရုတ်ရေနံတင်သင်္ဘော ဒုတိယအကြိမ်မြောက် မဒဲကျွန်းတွင် ဆိုက်ကပ်

တရုတ်ရေနံတင်သင်္ဘော ဒုတိယအကြိမ်မြောက် မဒဲကျွန်းတွင် ဆိုက်ကပ်
by -
နိရဥ္စရာ
တရုတ်ရေနံစိမ်းတင်ဆောင်လာသော သင်္ဘော ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်း( Deep Sea Tanker Port )သို့ မေလ(၄)ရက် ညနေ(၆)နာရီကျော်က ဒုတိယအကြိမ်မြောက် ၀င်ရောက် ဆိုက်ကပ် လာကြောင်း သိရသည်။

MT SABINE အမည်ရှိ တရုတ်ရေနံစိမ်းတင်သင်္ဘောသည် အီဂျစ်နိုင်ငံ (SAID Port)ဆိပ်ကမ်းမှ ထွက်ခွာပြီး ရေနံစိမ်းတန်ချိန်( ၁၃၇၄၀၀ ) တင်ဆောင်လာခဲ့ကြောင်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ တစ်ဦး၏ အပြောအရ သိရသည်။

မေလ ၅ ရက်နေ့တွင် မဒဲကျွန်းဆိပ်ကမ်းရှိ ရေနံစိမ်း သိုလှောင်ကန်ထဲသို့ ရေနံစိမ်း စုတ်တင်ခြင်းများ ပြုလုပ် သွားမည်ဟု တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ဆက်လက် ပြောကြားသည်။

တရုတ်ရေနံတင်သင်္ဘော MT SABINE သည် အလျား ၉၀၀ ဒသမ ၂၃ပေ အနံ ၁၅၇ ဒသမ ၆၁ပေ ရှိပြီး အန္ဒိယနိုင်ငံသား သင်္ဘောကပ္ပတိန် Mr, Choudhury Abhishck မှ ဦးဆောင်ပြီး သင်္ဘောသား ၃၀ ဦးလိုက်ပါလာကြောင်းသိရသည်။

မေလ ၄ ရက်မှ ၈ ရက်နေ့အတွင်း သင်္ဘောဝင်ထွက်သွားလာရန် သတ်မှတ်ထားသော လမ်းကြောင်း တစ်လျှောက်တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ဒေသခံများအား ငါးဖမ်းခြင်း ရေယဉ်များကျောက်ချရပ်နားခြင်းမရှိစေရေး စစ်ဆေးရှင်းလင်းရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားထားကြောင်းသိရသည်။

ရေနံစိမ်းတန်ချိန် ၁၅၀၀၀၀ တင်ဆောင်လာသော တရုတ်ရေနံတင်သင်္ဘော MT UNITED DYNAMIC သည် ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းဆိပ်ကမ်းသို့ ယခုနှစ် ဧပြီလ ၉ ရက်နေ့က ပထဆုံး အကြိမ် ၀င်ရောက်ခဲ့သည်။

ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပို်က်လိုင်းနှစ်လိုင်းသွယ်တန်းထားပြီး ပိုက်လိုင်း တစ်လိုင်းဖြတ်သန်းခ အတွက် မြန်မာအစိုးရမှ အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း ရရှိမည်ဖြစ်သည်။

ပိုက်လိုင်းနှစ်လိုင်းဖြတ်သန်းခအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁သန်းရရှိမည်ဟု သိရပြီး တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၂၂)သန်းတင်ပို့သွားမည်ဟုသိရသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သင်္ဘောနှင့်သယ်ဆောင်လာသည့် ရေနံစိမ်းကို ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်းမှတစ်ဆင့် ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။

China National Petroleum Corporation (CNPC)တရုတ်ကုမ္ပဏီမှ ပိုက်လိုင်းတည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံရန် South East Asia Pipeline Co.,Ltd.(SEAP)ကုမ္ပဏီအမည်ခွဲကိုတည်ထောင်ခဲ့သည်။

SEAP ကုမ္ပဏီက မြန်မာနိုင်ငံဖြတ်မည့် ရေနံပိုက်လိုင်းအတွက် Myanmar Oil and Gas Enterprise (MOGE)နှင့်တွဲပြီး South East Asia Crude Oil Pipeline Co.,Ltd.(SEAOP)ကို ၂၀၁၀ခုနှစ်တွင် တည်ထောင်ခဲ့သည်။ SEAOPမှာ တရုတ် SEAP က ရှယ်ယာ ၅၀ ဒသမ ၉ရာခိုင်နုန်းနှင့် မြန်မာ MOGE က ၄၉ ဒသမ ၁ ရာခိုင်နုန်းပိုင်ဆိုင်ကြောင်းသိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...