ရခိုင် လယ်သမားများ နစ်နာချက် အစိုးသိရှိစေရန် မြောက်ဦးမြို့တွင် မေလ ၈ ရက်နေ့ ဆန္ဒဖော်ထုတ်မည်

ရခိုင် လယ်သမားများ နစ်နာချက် အစိုးသိရှိစေရန် မြောက်ဦးမြို့တွင် မေလ ၈ ရက်နေ့ ဆန္ဒဖော်ထုတ်မည်
by -
နိရဥ္စရာ
စပါးစျေး ကျဆင်းမှု၊ ဘဏ်ချေးငွေ မဆပ်နိုင်မှု၊ ဆင်းရဲနွမ်းပါးခြင်း မြင့်တက်လာမှု စသည့် အထွေထွေ အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသော မြောက်ဦးမြို့နယ်မှ တောင်သူလယ်သမား ၂ဝဝဝ ခန့်သည် သူတို့၏ နစ်နာချက်များကို အစိုးရ သိရှိနိုင်အောင် ရည်ရွယ်ပြီး မေလ ၈ ရက်နေ့ တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ပြုလုပ်သွားမည်ဟု သိရသည်။

မြောက်ဦးမြို့နယ်သည် ရခိုင်ပြည်နယ်မှ စပါးအထွက်ဆုံး မြို့နယ်ထဲမှ တစ်ခု ဖြစ်သော်လည်း လယ်သမားများ၏ ဘဝ အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ တစ်ဖြည်းဖြည်းဖြင့် နိမ့်ကျ ဆိုးရွား လာနေသဖြင့် အစိုးရမှ လယ်သမားများ၏ အရေးကို ပိုမို အလေးထား ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ယခု ကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မြောက်ဦး မြို့နယ် သံချောင်းအုပ်စု ပီပြင်ရင်းကျေးရွာမှ ဦးစံထွန်းလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ အခု စပါးစျေးက အရမ်းကျနေတယ်။ ကျနေတဲ့ အပြင် ၀ယ်မယ့်သူ မရှိဘူး။ တစ်ဖက်မှာလည်း စိုက်ဘဏ်က ချေးငွေတွေကို ပြန်တောင်းနေတယ်။ ဒီတော့ လယ်သမားတွေ အခက်အခဲအများကြီးနဲ့ ကြံုနေရတယ်။ လယ်သမားတွေအနေနဲ့ အားကိုးစရာဆိုလို့ အစိုးရသာ ရှိတဲ့ အတွက် အစိုးရသိအောင် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာပါ” ဟု ဦးစံထွန်းလှက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွက် အချက် (၄) ချက်ကို တောင်းဆိုသွားမည် ဖြစ်ပြီး ၎င်းအချက်များမှာ တောင်သူ လယ်သမားများ၏ ဆန္ဒနှင့်အညီ စပါးဈေးကို မြင့်တင်ပေးရေး၊ စပါးဈေးကို လုံးဝ မြင့်တင်မပေးပါက စိုက်ဘဏ်ချေးငွေများကိုပြန်မဆပ်ရေး၊ လယ်သမားများ အိုးမဲ့၊ အိမ်မဲ့၊ လယ်မဲ့၊ ယာမဲ့၊ မဖြစ်စေရေး အတွက် ယခုနှစ်တွင် စိုက်ဘဏ်မှ ဘဏ်တိုးစသည့်အတိုးများကို မကောက်ခံရေး၊ နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို စာနာထောက်ထားရေး တို့ဖြစ်ကြသည်။

“ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ လိုရာဆန္ဒနဲ့ အညီ စပါးဈေးကို မြင့်တင်နိုင်ဖို့ အစိုးရနဲ့ ဆန်စပါး လုပ်ငန်းရှင် အသင်းက ထောက်ကူ ပြုပေးစေချင်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ အကျိုး စီးပွားရေးကို နိုင်ငံတော်က မြင့်တင်ပေးစေချင်တယ်။ ဒီအတိုင်းသာ လယ်သမားတွေ အခက်အခဲ ဖြစ်နေရင် နောက်ဆို လယ်ယာလုပ်ငန်းက လုံးဝကျရှုံးသွားနိုင်ပါတယ် ” ဟု ဦးဆောင်သူ ဦးစံထွန်းလှက နိရဥ္စရာသို့ ပြောသည်။

စပါးဈေးနှုန်းများမှာ ယခင်နှစ်က အနိမ့်ဆုံးစပါးအမျိုးအစား စပါးတောင်း (၁ဝဝ) လျှင် ၂ သိန်းနှင့် နှစ်သောင်းကျပ်၊ ပေါ်ဆန်းမွှေးစပါး တောင်း (၁ဝဝ)ကို ၃ သိန်းနှင့် သုံးသောင်းအထိရရှိခဲ့သော်လည်း ယခုနှစ်တွင် ရွှေဝါထွန်း စပါးတောင်း (၁ဝဝ) ကို ကျပ်ငွေ ၁ သိန်းငါးသောင်းအောက်သာ ရရှိကြောင်း၊ သို့သောလည်း ၀ယ်ယူမည့်သူ မရှိကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲကို မြောက်ဦးမြို့တွင် မေလ ၈ ရက် နေ့လယ် ၁၂ နာရီအချိန်၌ လူစု၍ ၁ နာရီတွင် စတင်ထွက်ခွာ ဆန္ဒဖော်ထုတ်တောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

( ဓာတ်ပုံ- မြောက်ဦးတွင် ယခင်ကလည်း လယ်သမားများ တောင်းဆို ဆန္ဒပြဖူးသည်)

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...