ကျောက်တော် အပေါက်ဝ အနီးချောင်းထဲတွင် အလောင်းတစ်လောင်းတွေ့ရှိ

ကျောက်တော် အပေါက်ဝ အနီးချောင်းထဲတွင် အလောင်းတစ်လောင်းတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်အဝကျေးရွာ အနီးရှိ ချောင်းထဲတွင် အလောင်းတစ်လောင်းကို မေလ ၆ ရက် ညနေ ၅ နာရီလောက်တွင် တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

“ တွေ့တာက ရင်းဒါးကျေးရွာနဲ့အပေါက်ဝ ကျေးရွာအကြား ချောင်းထဲမှာ မနေ့ ညနေ ၅ နာရီလောက်မှာ တွေ့တာပါ။ ဒီရေကျချိန်မှာ ခန္ဓာကိုယ်က ၀ါးလုံးတစ်လုံးနဲ့ ငြိပြီး ချောင်းကမ်းစပ်မှာတွေ့ရှိခဲ့ရတာပါ။ တွေ့ရှိချိန်မှာတော့ ဒီရေကျချိန် ဖြစ်တဲ့ အတွက် ချောင်းရေက ၁ ပေကျော် ၂ ပေလောက်ပဲ ရှိမှာပါ” ဟု အပေါက်ဝ စခန်းမှူး ဒုရဲအုပ် ဌေးဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသူမှာ ရင်းဒါးကျေးရွာနေ ဦးမောင်ယောင်း၏သား ဦးလူကြီး(ခ) စိန်ကျော်သန်း (၃၁) နှစ် ဖြစ်ကြောင်း၊ သေဆုံးသူမှာ လက်သမားတစ်ဦးဖြစ်ကြောင်း ရဲစခန်းမှူးက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ သူရဲ့ မိခင်ကို မေးမြန်းကြည့်တော့ မေလ ၆ ရက် နံနက် ၅ နာရီမှာ အလုပ် လုပ်မယ်ဆိုပြီး အိမ်ကထွက်သွားတယ်လို့ သူ့မိခင်က ပြောပါတယ်။ သူက အပေါက်ဝကို အလုပ်သွားလုပ်ရင် အဲဒီချောင်းကို ဖြတ်ကူးပြီး သွားလေ့ရှိတယ်လို့ သိရပါတယ်။ ထွက်သွားတဲ့ အဲဒီ မနက်ကတည်းက ပျောက်သွားခဲ့တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ဦးလူကြီးမှာ အသတ်ခံရခြင်းလား (သို့မဟုတ်)သာမန် သေမှုသေခင်းလားဟု ဆက်လက် မေးမြန်းရာ “ အပြင်ဒဏ်ရာတော့ မတွေ့ရဘူး။ မနေ့ညနေ ရ နာရီခန့်မှာ သူ့အလောင်းကို ကျောက်တော်မြို့နယ် ဆေးရုံကို ရင်ခွဲ စစ်ဆေးဖို့ ပို့ထားပါတယ်။ ဒီနေ့ခွဲမှာ ဖြစ်ပါတယ်။ ရီပို့စ်ကတော့ ဒီနေ့ရမှာပါ” ဟု ပြောဆိုသည်။

၎င်းပြင် စခန်းမှူးက သေဆုံးသူမှာ အရက်အလွန်အကျွွံ သောက်သူ ဖြစ်သည်ဟု သိရကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်လူကြီးများနှင့် အလောင်းကို မနေ့က စစ်ဆေးစဉ် ပြင်ပ ဒဏ်ရာ မတွေ့ရကြောင်း၊ ကျောက်တော်ဆေးရုံမှ စစ်ဆေးချက် ထွက်လာပြီးမှာ သေဆုံးမှု ဖြစ်စဉ်ကို သိရှိရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဦးလူကြီး၏ မိသားစုနှင့် ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရသေးပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...