KNU ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးကောက်တင်မြောက်

KNU ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးကောက်တင်မြောက်

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် မတ်လ ပထမပတ်မှစကာ ကျေးရွာအုပ်စုအသီးသီးရှိ အုပ်ချုပ်ရေးမှူးများအား ရွေးကောက်ပွဲစနစ်ဖြင့် ပြန်လည်ရွေးချယ် တင်မြောက နေပြီးဟု မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

KNU ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ၂ နှစ်တစ်ကြိမ် ရွေးကောက် တင်မြောက် ကြသော်လည်း ကျေးရွာလူထုများ၏ တောင်းဆိုချက်အရ အုပ်ချုပ်မှူးသက်တမ်းတိုးနိုင်ပြီး လိုအပ်ပါက အများမဲစနစ်ဖြင့် ပြန်လည်ရွေးချယ်တင်မြောက်နိုင်သည်ဟု KNU မြို့နယ်တာဝန်ရှိက ပြောသည်။

ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက “လူထုတွေရဲ့ တောင်းဆိုချက်လာမှုတွေအပေါ်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အသစ်ပြန်လည်ဖွဲ့စည်းတာပေါ့နော်။ အများပေးတဲ့ မဲစနစ်နဲ့ ရွေးကောက် တင်မြောက် တယ်။ တစ်ချို့ရွာတွေက ရှိနေမြဲအုပ်ချုပ်ရေးမှူး ဆက်သွားကြမယ်။ ကျနော်တို့က အသိအမှတ်ပြုပါတယ်။ လုပ်ထုံးလုပ်နည်းအရ ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစနစ်နဲ့ ဆက်လက်ရွေး ချယ်တင်မြောက်သွားမယ်”ဟု မတ်လ ၂၄ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

KNU ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) အတွင်း ယခင်NLD အစိုးရမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေး မှူးများကို အာဏာသိမ်းစစ်ကောင်စီမှ အုပ်ချုပ်ရေး ဥပဒေပုဒ်မ(၉) ပုဒ်မ(ခွဲ)ကအရ တာဝန်မှရပ်စဲလိုက်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်တွင် ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ခလယ်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြောက်ခံရသူ မန်းရန်နိုင်က “လူထုတွေ ယုံယုံကြည်ကြည်နဲ့ မဲထည့်ပေးခဲ့တဲ့အပေါ်ဝမ်းသာပါတယ်။ ဒီကြားကာလမှာတော့ စိန်ခေါ်မှုတွေ ရှိနေမှာတော့ အမှန်ပဲ။ လူထု အားနဲ့ ရပ်ရွာဒေသအတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားကြမယ်”ဟု မတ်လ ၂၄ ရက်နေ့ ကေအိုင်စီ သို့ ပြောသည်။

KNU ဝင်းရေးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄ဝ ကျော်ရှိပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ၎င်းတို့ ဥပဒေအရ ၂ နှစ်တစ်ကြိမ်ရွေးကောက်ပွဲစနစ်ဖြင့် ရွေးချယ်တင်မြောက်ပြီး မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများကို သက်တမ်း ၄ နှစ်တစ်ကြိမ်ဖြင့် ရွေးချယ်တင်မြောက်သည်ဟု သိရသည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...