တိုင်း ၃ ခုနှင့် နေပြည်တော်၌ လူ့အခွင့်အရေးချိုးဖောက်မှု ၁,၀၀၀ ကျော်ရှိ

တိုင်း ၃ ခုနှင့် နေပြည်တော်၌ လူ့အခွင့်အရေးချိုးဖောက်မှု ၁,၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ ၂၀၂၅ ခုနှစ်၊ မတ်လမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ တစ်နှစ်တာအတွင်း တိုင်းဒေသကြီး ၃ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၁၀၀ ကျော် ရှိခဲ့ ကြောင်း ပဉ္စမမဏ္ဍိုင် (PMCSG) အဖွဲ့က မေလ ၁၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

PMCSG သည် ခရိုင်လေးခုရှိ အရပ်သားပြည်သူများ ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေ အနေပြစစ်တမ်းမှ တွေ့ရှိချက်များကို အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအား ဖိတ်ကြား၍ အွန်လိုင်းမှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့၏ အချက်အလက်များအရ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည် တော်နယ်မြေအတွင်းရှိ ခရိုင် ၁၁ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့် အမည်မသိလက်နက်ကိုင်များ၏ ကျူးလွန်မှု စုစုပေါင်း ၁,၁၂၂ ကြိမ် ရှိခဲ့သည်။

၁၂ လတာကာလအတွင်း စစ်ရေးပစ်မှတ်နှင့် ဆက်စပ်သည့် တိုက်ခိုက်ခံရမှုများတွင် စစ်ကိုင်းတိုင်းသည် ၆၇၀ ကြိမ်ဖြင့် အများဆုံးဖြစ်သည်။ ရန်ကုန်တိုင်းတွင် ၂၃၆ ကြိမ်၊ နေပြည်တော်တွင် ၁၂၁ ကြိမ်နှင့် မကွေးတိုင်းတွင် ၉၅ ကြိမ် ရှိခဲ့ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်သည် ၂၂၇ ကြိမ်ဖြင့် ကျူးလွန်မှုအများဆုံး မြို့နယ်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ် PMCSG အဖွဲ့ဝင်တစ်ဦးက “မြို့နယ်အလိုက် ကျနော်တို့ ခွဲခြားထားတာမှာ အများဆုံးဖြစ်တာက မုံရွာမြို့နယ်မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ၂၂၇ ကြိမ်အထိရှိပြီး စစ်ကိုင်းမှာ ၁၁၄ ကြိမ်၊ ကလေးမှာ ၈၃ ကြိမ်နဲ့ မကွေးတိုင်း ဂန့်ဂေါမှာဆိုရင် ၆၅ ကြိမ်အထိ ရှိခဲ့ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများတွင် စစ်အုပ်စုတပ်နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များက ၉၁၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG/MOD) လက်အောက်ခံ PDF တပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များက ၁၀၅ ကြိမ်၊ အမည်မသိ အဖွဲ့အစည်းများက ၁၁၈ ကြိမ် ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးလုပ်တာကတော့ အာဏာသိမ်းစစ်တပ်ဘက်က ဖြစ်ပါတယ်။ အများစုကတော့ ဧည့်စာရင်းစစ်တာ ပေါ်တာဆွဲတာ လေကြောင်းတိုက်ခိုက်တာမျိုးတွေပေါ့။ အခြား ရာဇဝတ်မှု ၁၇၉ ကြိမ်မှာတော့ အမည်မသိတဲ့ အဖွဲ့တွေက မြို့ပေါ်တွေမှာ ခိုးဆိုးလုနှိုက်လုပ်တဲ့ ကျူးလွန်မှုတွေကို အများဆုံးတွေ့ရတယ်” ဟု PMCSG တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

စစ်ကိုင်းနှင့် မကွေးကဲ့သို့ တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေသကဲ့သို့ ရန်ကုန်နှင့် နေပြည်တော်တို့တွင်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ စီးနင်းရှာဖွေခြင်းနှင့် ပေါ်တာဆွဲခြင်းတို့ လုပ်ဆောင်နေကြောင်း PMCSG က သုံးသပ်သည်။

စစ်အုပ်စုတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ ကျူးလွန်မှုများကြောင့် တစ်နှစ်အတွင်း အရပ်သား ၈၄၃ ဦး သေဆုံးခဲ့ရသည့်အပြင် ဘာသာရေးအဆောက်အအုံနှင့် ပြည်သူ့နေအိမ် ၃,၅၂၈ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

PMCSG အဖွဲ့ကို ၂၀၂၂ ခုနှစ်တွင် မြေပြင်လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။  အသွင် ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်နိုင်ရန် သက်သေအထောက်အထားများ စုဆောင်းကာ ရရှိလာသော အချက်အလက်များကို NUG အစိုးရထံသို့ ပေးပို့လျက်ရှိဟု သိရသည်။

Photo: Social Media

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...