ကော့ကရိတ်လမ်းဟောင်းထိုးစစ်တွင် စစ်အုပ်စုက တရုတ်လုပ် ဖျက်အားပြင်းဒရုန်းများ အသုံးပြုတိုက်ခိုက်

ကော့ကရိတ်လမ်းဟောင်းထိုးစစ်တွင် စစ်အုပ်စုက တရုတ်လုပ် ဖျက်အားပြင်းဒရုန်းများ အသုံးပြုတိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင် စစ်အုပ်စုတပ်က မေလ ၁၀ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံထုတ် ဖျက်အားပြင်းဒရုန်းများကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုပုံစံသစ်ဖြင့် ထိုးစစ်ဆင်လာကြောင်း စစ်မြေပြင်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ကျုံဒိုးနှင့် ကော့ကရိတ်အခြေစိုက် စစ်အုပ်စု စစ်ကြောင်းများသည် ဒေါနတောင်ခြေ အောက်ဘိုတဲနှင့် မြဝတီလမ်းပိုင်းကို တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်မှု လုပ်ဆောင်လာခဲ့သည်။ သို့သော်လည်း စစ်ကြောင်းက တက်နိုင်ခြင်းမရှိဘဲ အထိနာနေ သောကြောင့် ယခုကဲ့သို့ ဒရုန်းတပ်ဖွဲ့များကို အင်အားဖြည့်တင်းကာ တရုတ်နိုင်ငံလုပ် ဘက်စုံသုံး ဒရုန်းများနှင့် ဖျက်အားပြင်း ဗုံးသီးများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၇) နယ်မြေ အတွင်းရှိ တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီရက်ပိုင်း ကျုံဒိုးကို ဒရုန်းတပ်ဖွဲ့တွေနဲ့ တရုတ်လုပ်ဗုံးသီးတွေ ရောက်လာတယ်။ မေလ ၁၀ ရက်ကစပြီး ဒရုန်းနဲ့ကြဲတာ ပိုစိပ်လာတယ်။ လေယာဉ်က ဝေါလေဘက်ကိုကြဲပြီး ဒရုန်းတွေကတော့ မိဖာလဲ၊ နောင်ကိုင်းနဲ့ အောက်ဘိုတဲလမ်းကို ကြဲတယ်။ ဒရုန်းတွေက အကောင်လည်းကြီးသလို ဗုံးသီးတွေကလည်း ဖျက်အားပြင်းတယ်။ မြေပြင်မှာ စစ်ကြောင်းတိုးမလာတာကြာလို့ ဒရုန်းနဲ့ ပုံစံပြောင်းတိုက်နေတဲ့သဘောပဲ" ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အောက်ဘိုတဲလမ်းပိုင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) ပူးပေါင်း စစ်ကြောင်းများက မြေပြင်စစ်ရေးအသာစီး ရရှိထားသဖြင့် စစ်အုပ်စုတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် မြို့ပြနှင့် ဆက်သွယ်သွားလာရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်းများ လုပ်ဆောင်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

ထို့အပြင် ကော့ကရိတ်မြောက်ပိုင်းကျေးရွာများတွင်လည်း ဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်၍ မရစေရန် စစ်အုပ်စုတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချခြင်းများ ပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များ ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရသည်။

"ထီးဖိုးစံဘက်ကရွာတွေ အခုဆို လယ်လုပ်၊ ခြံလုပ် ဘာမှလုပ်လို့မရတော့ဘူး။ စစ်တပ်က ဂိတ်တွေချပြီး ဆန်အိတ်တွေကို သိမ်းတာမျိုးရှိသလို၊ ဒရုန်းကလည်း တစ်နေကုန် ကင်းထောက်နေတာ။ ကားတွေ့၊ လူတွေ့တာနဲ့ လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ကြဲတာတွေလုပ်လို့ ဘယ်သူမှမနေရဲကြတော့ဘူး။ " ဟု ထီဖိုးစံရွာသားတစ်ဦးက ပြောပြသည်။

လက်ရှိတွင် ကော့ကရိတ်-ကျုံဒိုး-မြဝတီ အာရှလမ်းမကြီးကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး ပြန်လည်သွားလာခွင့်ပြုထားသည်။ သို့သော်လည်း လမ်းပိုင်းတလျှောက်ရှိ လှိုင်ကွယ်၊ ဝိဇ္ဇာကုန်း၊ ခုနှစ်တိုင်၊ ညီညာသာလင်းနှင့် ရေပူအပါအဝင် ကျေးရွာ (၁၅) ရွာခန့်တွင် စစ်အုပ်စုတပ်က လုံခြုံရေးကင်းပုန်းများ ချထားသဖြင့် ဒေသခံများမှာ နေရပ်မပြန်ရဲကြသေးသလို ရာဘာခြံနှင့် တောင်ယာလုပ်ငန်းများလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။

ကော့ကရိတ်လမ်းဟောင်းပိုင်း ထိုးစစ်ဆင်လာမှုနှင့်ပတ်သက်၍ စစ်အုပ်စုဘက်က ယခုအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမတွေ့ရှိရပေ။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...