ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့ အင်အားဖြည့်တင်းရန် တက်လာသည့် စစ်အုပ်စု စစ်ကြောင်းသည် လမ်းတွင်ပိတ်မိနေသဖြင့် လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံနှင့် တပ်မဟာ (၅)က တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် ဖာပွန်-ကမမောင်း လမ်းမကြီးအတိုင်း သာမက လမ်း၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းများမှပါ လမ်းကြောင်း ၃ ခုခွဲ၍ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခြင်းဖြစ်သည်။
တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်ကြီး စောဂီနွီးက “သူတို့က စစ်ကြောင်း (၃) ကြောင်းခွဲပြီး တက်လာတယ်။ ဒါပေမဲ့ တက်မလာနိုင်သေးတော့ ရှေ့ကနေ လမ်းရှင်းတဲ့သဘောမျိုး လမ်းကြောတစ်ဝိုက်မှာရှိတဲ့ ရွာတွေဘက်ကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ကြိုပစ်တယ်။ အဲဒီလိုပစ်ပြီးမှ သူတို့ကိုယ်တိုင် တက်လာတာ။ တက်လို့မရရင် တစ်ဆင့်ချင်းနားပြီး အဲဒီနည်းအတိုင်းပဲ လုပ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုတပ်၏ ထိုသို့ပစ်ခတ်မှုများကြောင့် မယ်ကျိခီး၊ တရောပူ၊ ဝါသိုးခို၊ လယ်ကွဲဒို၊ လယ်ကွဲဖိုး နှင့် မောလိုကလိုး စသည့် ကျေးရွာများမှ ဒေသခံလူထုများသည် လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။
ယခု မေလဆန်းပိုင်းမှစ၍ မြိုင်ကြီးငူမှတစ်ဆင့် ကမမောင်းဘက်သို့ ရောက်ရှိလာသည့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) မှ တပ်မှူးများဦးဆောင်သည့် အင်အား ၂,၀၀၀ နီးပါးပါဝင်သော အဆိုပါ စစ်ကြောင်းသည် ကတိုင်တိမှတစ်ဆင့် ဖာပွန်ဗျူဟာကုန်းသို့ အင်အားဖြည့်တင်းနိုင်ရန် အဓိကကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
ထို့အပြင် မေလ ၁၄ ရက်မှစ၍ ဖားအံအခြေစိုက် တပ်မ (၂၂) လက်အောက်ခံတပ်ရင်းများ အင်အားအလုံးအရင်းဖြင့် ထပ်မံစစ်ကူတက်လာသဖြင့် ကမမောင်းမှတစ်ဆင့် ဝါကော်ကျေးရွာအုပ်စု၊ ဝါသိုးခိုကျေးရွာတစ်လျှောက်ရှိ လမ်းကြောင်းများတွင် ဒေသခံများ သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။
စစ်အုပ်စုတပ်သည် တော်လှန်ရေးပူးပေါင်းတပ်များထံ လက်လွှတ်ခဲ့ရသည့် စခန်းများကို ပြန်လည်ရရှိရန် ကမမောင်းဘက်မှတစ်ဆင့် မြေပြင်စစ်ကြောင်းထိုးမှုများအပြင် လေကြောင်းမှတစ်ဆင့် ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပါ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။







