ကပစ (၁၆) အနီး ပွိုင့် (၅၀၀) ဗျူဟာကုန်းကို AA ထိုးစစ်ဆင်

ကပစ (၁၆) အနီး ပွိုင့် (၅၀၀) ဗျူဟာကုန်းကို AA ထိုးစစ်ဆင်

ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) အနီးရှိ ဗျူဟာကုန်းနှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ စစ်အုပ်စု၏ ကပစ (၁၆) အနီး ပွိုင့် (၅၀၀) ဗျူဟာကုန်း၏ ခံစစ်စခန်းများနှင့် ကာကင်းစခန်းများထဲမှ ကာကင်းစခန်းလေးခုကို အာရက္ခတပ်တော်က ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “AA ဘက်က ပွိုင့် (၅၀၀) ကုန်းပေါ်က ကာကင်းစခန်းတွေကို အပြင်း အထန် ထိုးစစ်ဆင်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က အထိနာပြီး အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်” ဟု မဇ္ဈိမသို့ ပြောသည်။

သိမ်းဆည်းရမိသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အလောင်းများပေါ်မှ အထောက်အထားများအရ ၎င်းတို့သည် စစ်အုပ်စု၏ ကလေးမြို့ပေါ်အခြေစိုက် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉) တပ်ရင်းများမှဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယနေ့ မေလ ၈ ရက်တွင်လည်း အာရက္ခတပ်တော်သည် “ကစဉ့်ကလျား ထွက်ပြေး” နေသော စစ်အုပ်စုတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေပြီး တချိန်တည်းမှာပင် ကျန်ရှိနေသေးသည့် စစ်အုပ်စုတပ် ခံစစ်စခန်းများနှင့် ကာကင်းစခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဒေသတွင်း စစ်ရေးလေ့လာသူတဦးက “ဒီဒေသဟာ ကပစ စက်ရုံတွေရှိတဲ့အတွက် စစ်ကောင်စီအတွက် အချက် အချာကျတဲ့ နေရာပါ။ အခု AA က ကပစ (၁၆) အနားအထိ ကာကင်းစခန်းတွေကို သိမ်းပိုက်လိုက်တာဟာ ပဲခူးရိုးမတောင်ခြေက စစ်ကောင်စီရဲ့ ခံစစ်ကို သိသိသာသာ ခြိမ်းခြောက်လိုက်တာပဲ ဖြစ်တယ်” ဟု သုံးသပ် ပြောဆိုသည်။

အာရက္ခတပ်တော်သည် ရခိုင်ဒေသပြင်ပရှိ စစ်အုပ်စု တပ်စခန်းများကိုပါ “ဟန်ချက်ညီညီ” တိုးချဲ့ထိုးစစ်ဆင်လျက်ရှိရာ ယခု ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲများသည် ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် မြှင့်တင်လာသည့် အခြေ အနေဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းတလျှောက်ရှိ စစ်အုပ်စုစခန်းများကို AA က ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ပြီး၊ ယခုအခါ စစ်အုပ်စု၏ အဓိကထောက်တိုင်ဖြစ်သော ကာကွယ်ရေးပစ္စည်းစက်ရုံများ၏ လုံခြုံရေးအတွက် အရေးပါသည့် ဗျူဟာကုန်းများကိုပါ AA က ပစ်မှတ်ထား ထိုးစစ်ဆင်လာခြင်းလည်း ဖြစ်သည်။

အဆိုပါ ထိုးစစ်များကြောင့် စစ်အုပ်စုသည် ပဲခူးတိုင်းအတွင်းရှိ ၎င်းတို့၏ လက်နက်စက်ရုံများ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်ကာ စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...