ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၈ ရက်၊ မနက် ၁၀ နာရီအချိန်လောက်က မလောင်ကျေးရွာဘက်က ကျောက်စိမ်းကုမ္ပဏီဝန်းတစ်ခုမှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြတိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်နဲ့ မှော်စီစာလမ်းဆုံကိုတော့ အဲဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာတော့ လူအထိအခိုက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ကုဋေလမ်းဘက်မှာ၊လေယာဉ်နဲ့လာချသွားတာ> အဲဒီမှာက ဈေးဆိုင်တန်းတွေ အများကြီးပဲ။"လို့ မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ပြောဆိုနေကြပေမဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးတဲ့အပြင် အခြေအနေကို အတည်ပြုနိုင်ဖို့ မြစ်ကြီးနားသတင်းဂျာနယ်က စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် နေအိမ်ပျက်စီးတာတွေလည်း ရှိနေပြီး လုံးခင်းကျေးရွာအတွင်းက ဒေသခံတချို့ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မေလ ၇ ရက်ကလည်း လုံးခင်းကျေးရွာမှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။
လုံးခင်းကျေးရွာမှာ စစ်အုပ်စုပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေတာဖြစ်ပြီး နေ့တိုင်းနီးပါးဆိုသလို လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
မေလ ၄ ရက်နေ့က လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်ကော်မရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တက်လာကြတာ ဖြစ်ပါတယ်။







