ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်းတည်ဆောက်ထားသော လေးကေကော်မြို့သစ်အတွင်းသို့ နယ်မြေခံ စစ်တပ်မှ ဝင်ရောက်စစ်ဆေးမှုပြုရန် ယမန်နေ့ မတ်လ ၁၇ရက်နေ့ ညက ကြိုးစားမှုပြုလုပ်ခဲ့ကြောင်း မြို့သစ်တာဝန်ရှိသူများထံမှ သိရသည်။
ဒေသအခေါ် အမြောက်ကုန်းတပ်ဖြစ်သည့် ခြေလျင်တပ်ရင်း(ခလရ-၃၁၀) မှ ဗိုလ်မှူးအောင်ကျော်ဟိန်းဆိုသူက ယမန် နေ့ ည ၁၀နာရီအချိန်ခန့်က အထက်၏ ညွန်ကြားမှုကြောင့် မြို့သစ်အတွင်း ဝင်ရောက်၍ ဓါတ်ပုံရိုက် မှတ်တမ်းယူရ မည်ဖြစ်ကြောင်း ဖုန်းဆက်ပြောဆိုလာခြင်းဖြစ်သည်ဟု လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ည ၁၀နာရီလောက်က ဖုန်းဆက်လာတယ်။ သူတို့အထက်က ညွန်ကြားလို့ ဓါတ်ပုံတွေ ဝင်ရိုက်ချင်တယ်ပေါ့။ ကျနော်တို့ ပြန်ပြောတာက အထက်က လူကြီးညွန်ကြားရင် လူကြီးအချင်းချင်း စကား သေချာပြောပြီးမှ လာပေါ့။ ပြီး တော့ ဒီနေရာကလည်း KNU နဲ့ အစိုးရလူကြီးတွေအကြား သေချာစကားပြောပြီးမှ တည်ဆောက်ထားတဲ့ နေရာဖြစ်တဲ့ အတွက် လေးစားမှုရှိဖို့ လိုတာပေါ့။ ကျနော်တို့မှာလည်း လုံခြုံရေးတွေ ရှိတယ်။ လာချင်ရင်တောင်မှ နေ့လည် နေ့ခင်း လာလို့ရတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖုန်းဆက်လာသူ ဗိုလ်မှူးအောင်ကျော်ဟိန်းဆိုသူမှာလည်း ည ၁၀နာရီ ဝန်းကျင်ကစ၍ ဆက်တိုက် ဆိုသလို ဖုန်းဆက်ပြောဆိုနေသည့်အပြင် လုံခြုံရေးအရ သတ်မှတ်နယ်မြေမရောက်ခင် နေရာအထိရောက်လာပြီး ညဉ့်နက် ၁၂ နာရီဝန်းကျင်အထိ သွားချည်လာချည် ပြုလုပ်နေခဲ့ကြောင်းလည်း မြို့သစ်အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ဆက် ပြောသည်။
ထိုသို့ စစ်တပ် ဝင်ရောက်လာပါက မြို့သစ်နေ ဒေသခံလူထုများအနေဖြင့် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေမည်ဖြစ် သောကြောင့် နယ်မြေတာဝန်ရှိသူများက ခွင့်မပေးဘဲ အတင်းဝင်ရောက်လာပါက မြို့သစ် လုံခြုံရေးယူထားသည့် KNU လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်သွားမည်ဖြစ်ကြောင်းလည်း မြို့သစ်တာဝန်ရှိသူများက ပြော ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး KNU ၏ သဘောထား ရပ်တည်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီ ၏ သဘောထားနှင့် ကွဲလွဲနေခြင်းကြောင့် KNU ထိန်းချုပ်နယ်မြေအချို့တွင် နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခြင်းများလည်း ရှိခဲ့သည်။
ယမန်နေ့ ညက ဖြစ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီက သတင်းအချက်အလက်ကို ဆက်သွယ်မေးမြန်း ရယူနေ သည့် ယနေ့ မတ်လ ၁၈ရက်နေ့အထိ စစ်တပ်ဖက်မှ တစ်စုံတစ်ရာ ထပ်မံ ဆက်သွယ်အကြောင်းကြားလာမှုများ မရှိ ကြောင်းလည်း မြို့သစ်အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ဖြည့်စွက်ပြောသည်။
အဆိုပါ လေးကေကော်မြို့သစ်သည် ကေအဲန်ယူနှင့် ပြည်ထောင်စုအစိုးရတို့ ညှိနှိုင်းဆောင်ရွက်မှုအပြင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားသည့် မြို့သစ်ဖြစ်ပြီး ၂၀၁၄ခုနှစ်၊ ဇွန်လအတွင်းက စတင် အကောင်အထည်ဖော်ဆောင်ခဲ့သည့် ၅နှစ်စီမံကိန်းဖြစ်သည်။ ၎င်းမြို့သစ်အတွင်း နေထိုင်ကြသူများအထဲတွင် နယ်စပ် ဒုက္ခသည်စခန်းမှ ပြန်လည်ရောက်ရှိလာခဲ့ကြသူများလည်း ပါဝင်သည်။







