မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များသည် လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒေသခံများ၏ တောင်ယာများကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေသောကြောင့် ဒေသခံရွာသားများ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြန်ကြားရေးဌာန သူးလေသတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။
လူသောမြို့နယ် လယ်မူပလောကျေးရွာအုပ်စုရှိ စစ်ကောင်စီ စစ်တပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် မတ်လ ၁၅ရက်နှင့် ၁၆ရက်နေ့များတွင် ရွာသားများ၏ တောင်ယာခင်းများကို လိုက်လံမီးရှို့ခဲ့သလို လက်နက်ကြီး ၃၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ၏ သူးလေသတင်းစဉ်က ဖော်ပြထားသည်။
ထိုသို့ပစ်ခတ်ခြင်းကြောင့် လယ်မူပလောကျေးရွာ မှ ဒေသခံ မိသားစု (၅၆)စု၊ လူဦးရေ (၄၇၀)ဦး၊ ဟီဂိုးလိုကျေးရွာ မိသားစု (၂၅)စု၊ လူဦးရေ (၂၈၀)ဦး တို့မှာ ပြေးလွှားပုန်းရှောင်ခဲ့ရသည်ဟုလည်း သူးလေသတင်းစဉ်က ဆက်လက်ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( အဲန်အယ်လ်ဒီ) အရပ်သားအစိုးရထံမှ စစ်တပ် အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ နောင်းပိုင်းမှစတင်ကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေအချို့တွင် ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို ပြန်လည်ဖြစ်ပွားခဲ့သည်။
ထို့အတူ ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်ရှိ လူသော၊ ဒွယ်လိုးနှင့် ဘူးသို စသည့် မြို့နယ် ၃ ခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၅ တို့အကြား ပစ်ခတ်မှုများဖြစ်ပွားလာသည့်တချိန်ထဲတွင် ဒေသခံများ နေထိုင်ရာနေရာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလိုပင်ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ကရင်လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။







