လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ အမည်ကိုတိုက်ရိုက်အသုံးပြု၍ ကိုယ်ကျိုးရှာနေသူများနှင့်ပတ်သက်ပြီး KNU ဗဟိုမှ ယနေ့ မတ် ၁၇ရက် နေ့စွဲဖြင့် ရှင်းလင်းချက်တစ်စောင် ထုတ်ပြန် လိုက်သည်။
မတ်လ ၁၁ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ဖြစ်ပေါ်ခဲ့သော KNU နာမည်ကို အသုံးပြု၍ စောဩဂတ်စ်ဆိုသူမှ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်ပြီး ၎င်းစောဩဂတ်စ်ဆိုသူမှာ ၎င်းတို့နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း KNU ဗဟိုမှ ၎င်းတို့၏ပြန်ကြားရေးဌာန လူမှုစာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။
အဆိုပါ စောဩဂတ်စ် ဆိုသူသည် တောင်ငူဒေသတွင် KNU အမည်ကို အသုံးပြု၍ လူမှုရေး၊ စီးပွားရေး ပြဿနာများကို ဖန်တီးလုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊ သာကေတမြို့နယ်တွင် KNU အတွက် လူသစ်စုဆောင်းနေကြောင်း လိမ် လည်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KNUက ဆိုသည်။
KNU အနေဖြင့် အဖွဲ့ဝင်သစ်များ လက်ခံဆောင်ရွက်ခြင်းကို အစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ် တကျ တာဝန်ရှိသူများကိုသာ တရားဝင် စီစဉ်ဆောင်ရွက်စေခြင်းသာရှိကြောင်း KNU ၏ ထုတ်ပြန်ရှင်းလင်းချက်၌ ဖော်ပြထားသည်။
အလားတူ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်ပါက KNU အနေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်သလို ၎င်း ၏လုပ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက်လည်း အများပြည်သူများအနေဖြင့် အထူး သတိပြုစေလိုကြောင်းလည်း KNU က သတိပေးပြောဆိုထားသည်။
ထို့အပြင် KNU နှင့်ပတ်သက်ပြီး တရားဝင် သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ဝင်ရောက်ဖတ်ရှုနိုင်မည့် သတင်းအရင်းအမြစ် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက် စာမျက်နှာများ၏ အမည်နှင့် Link များကိုလည်း ယနေ့ ထုတ်ပြန် ချက်တွင် တစ်ပါတည်း ဖော်ပြပေးထားကြောင်း တွေ့ရသည်။
လတ်တလော စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီ အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များအပေါ် သည်းမခံနိုင် ကြသည့် လူငယ်များအနေဖြင့် ပြန်လည်ခုခံကာကွယ်ရန်အတွက် KNU အဖွဲ့ဝင်များအဖြစ် ဝင်ရောက်လိုကြကြောင်း KNU သတင်းစာမျက်နှာများတွင် ဝင်ရောက်မှတ်ချက်ပေး စုံစမ်းမှု အများအပြား တွေ့မြင်နေရပြီး ၎င်းအပေါ် သက်ဆိုင် ရာအဖွဲ့အစည်း မဟုတ်သည့် လူပုဂ္ဂိုလ်များက ပြန်လည်တုံ့ပြန်ဖြေကြားမှုများ၊ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို မှတ်ချက်ပေးထားမှုများကိုလည်း တွေ့ရသည်။
အလားတူ “သင့်အား KNU မှ အလိုရှိသည်” ဟူသည့် စာသားများဖြင့် အွန်လိုင်းပေါ်တွင် လူသစ်စုဆောင်းနေသည့် သတင်းနှင့်ပတ်သက်၍လည်း သတင်းအမှားများသာဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ပြီးခဲ့သည့် မတ်လ (၉)ရက်နေ့ကလည်း အသိပေးထုတ်ပြန်ထားမှု ပြုလုပ်ခဲ့သေးသည်။







