စစ်ကောင်စီမှ လက်ရှိ ဆန္ဒဖော်ထုတ်မှုအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ဥပေဒမဲ့ လိုက်လံဖမ်းဆီးမှုများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းချမှတ်နိုင်ခဲ့ကြောင်း ယနေ့ ပြုလုပ်ပြီးစီးခဲ့သည့် NCA အပစ်ရပ်စာချုပ်ထိုးထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးပွဲ အပြီး ထုတ်ပြန်ပြောဆိုထားသည်။
ဆန္ဒဖော်ထုတ်ပွဲများနှင့် အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုများကို စစ်ကောင်စီမှ ရက်စက်စွာ ပစ်ခတ် တိုက်ခိုက်ဖြိုခွင်းမှုများနှင့် ပြည်သူလူထုများအား ဥပဒေမဲ့ လိုက်လံဖမ်းဆီးနေမှုများကို အမြန်ဆုံး တားဆီးနိုင် ရေးအတွက် ယနေ့ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းနည်းလမ်းရှာနိုင်ခဲ့ကြောင်း အစည်းအဝေးပြီး ထုတ်ပြန်သည့် PPST ၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း၌ ဖော်ပြထား သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးအတွင်း ပါဝင်တက်ရောက်ခဲ့သူ KNU-ကရင်အမျိုးသားအစည်း အရုံး၏ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက “နည်းလမ်းတွေတော့ ရှိပါတယ်။ အဓိက ကတော့ အကာအကွယ်ပေးမယ်၊ ဝန်းရံမယ်၊ အထောက်အကူပြုမယ်ပေါ့။ အဓိကကတော့ အကြမ်း မဖက်တဲ့နည်း လမ်းတွေကို အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ ရောထွေးမသွားဖို့ကတော့ သိပ်အရေးကြီးတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
၎င်းအပြင် လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အပါအဝင် သက်ဆိုင်ရာ Stakeholders အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက် သွားနိုင်မည့် ကိစ္စများကိုလည်းဆွေးနွေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ် အမှာစကား၌ ဆက် လက် ဖော်ပြထားသည်။
CRPH အနေဖြင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ဖြစ်သလို လာမည့် ရက်ပိုင်းများအတွင်း PPST နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့် ယခုအစည်းအဝေးပွဲတွင် ပြည်တွင်းပြည်ပလူထုလှုပ်ရှားမှုကို အားကောင်းစေရေး အတွက် ယခင်အစည်းအဝေးအတွင်း ဖွဲ့စည်းထားသည့် PPST ၏ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ (FRC) ၏ လုပ်ငန်းတာဝန်များကိုလည်း အတည်ပြုပေးနိုင်ခဲ့ကြောင်းနှင့် လက်ရှိနိုင်ငံရေး အကြပ်အတည်းကို နိုင်ငံ တကာနှင့်ပူးပေါင်းဖြေရှင်းသွားနိုင်ရေး တာဝန်ပေးအပ်နိုင်ခဲ့ကြောင်းလည်း PPST က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် NCA စာချုပ်ကို စွဲကိုင်ထားဆဲဖြစ်ကြောင်း ပြောဆိုထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း NCA ချိုးဖောက်မှု လုပ်ရပ်များ အကြီးအကျယ် ပြုလုပ်လာသည့်အပေါ် NCA စာချုပ်အပေါ် စစ်ကောင်စီ၏ သဘောထားရပ်တည်ချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်စေကြောင်း လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်သတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်၍ မတရားဖမ်းဆီးခြင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်ဝင်းများ၊ အများပြည်သူပိုင် နေရာများတွင် တပ်စွဲပြီး ပြည်သူလူထုအပေါ် ပစ်ခတ်နှိမ်နင်းခြင်း၊ ပြည်သူလူထုအပေါ် အကျိုးမပြုသည့် ဥပေဒများ ကြိမ်ဖန်များစွာထုတ်ပြန်ခြင်းတို့သည် NCA အပေါ်ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်း ဖြစ် ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က PPST ကိုယ်စားပြောကြားလိုကြောင်း ထည့်သွင်း ပြောဆိုထားသည်။
ယခင်လက ထုတ်ပြန်ပြောဆိုထားသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းထားသည့် ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်းလည်း ယမန်နေ့က စတင်ပြုလုပ်သည့် ၎င်းအစည်းအဝေး၌လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထပ်လောင်းပြောဆို ထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားခဲ့သော တိုင်းရင်း သားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်သည်။







