မြို့တွင်း ဆန္ဒထုတ်ဖော်မှုများကို တားဆီးပိတ်ပင်မှုများရှိသောကြောင့် ဒေါနအရှေ့ခြမ်း ဒေသခံများသည် ယနေ့ (မတ်လ ၁၂ရက်)တွင် မြို့ပေါ် သွားရောက် ဆန္ဒဖော်ထုတ်မှု မပြုတော့ဘဲ နီးစပ်ရာ အစိုးရ အုပ်ချုပ် ရေး ရုံးစိုက်ရာ ဝေါ်လေဒေသတွင် စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဦးဆောင်ပါဝင်သူများထံမှ သိရသည်။
မြဝတီမြို့နယ်၊ ဒေါနအရှေ့ခြမ်းတွင် နေထိုင်ကြသည့် သေ့ဘောဘိုး၊ မောကော်ဆာ၊ ဝေါ်လေနှင့် မောခီး စသည့် ကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း ၄၀ နီးပါးစုပေါင်းထားသော ဒေသခံများသည် ဝေါ်လေ ရဲစခန်း ရုံးရှေ့အပါအဝင် ဝေါ်လေဈေးသို့ သွားရောက်၍ လမ်းတစ်လျှောက် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဆန္ဒပြရာပါဝင်သူ စောအယ်ဃူးက ယခုလိုပြောသည်။
“ပြီးခဲ့တဲ့ ၉ ရက်နေ့က ကျနော်တို့ မြဝတီ မြို့အထိ ဆန္ဒသွားပြဖို့ စီစဉ်ထားတုန်း DKBA ရဲ့ တားဆီး တာမျိုးခံခဲ့ရတယ်။ အဲ့တုန်းက မောခီး အုပ်စုက လာတဲ့ လူငယ်တွေကို DKBA က တားဆီး တာမျိုး လုပ်ခဲ့တာပေါ့။ ဒါကြောင့် မြို့အထိ မသွားတော့ပဲနဲ့ ဝေါ်လေရဲစခန်းရှေ့ နဲ့ ဈေးအထိပဲ သွားပြီး ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ယနေ့ ဆန္ဒဖော်ထုတ်မှုတွင် ကျေးရွာအုပ်စု ၄အုပ်စုမှ ဒေသခံကျေးရွာသား ၅၀၀ ကျော်ပါဝင်၍ ဝေါ်လေ စစ် ကောင်စီ အုပ်ချုပ်ရေး ရုံးရှေ့များတွင် ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အစိုးရ ဝန်ထမ်းများ CDM တွင် ပါဝင်လာရန် အတွက်လည်း ရည်ရွယ်ကြောင်း စောအယ်ဃူးက ဆက်ပြောသည်။

ဆန္ဒပြ ပြည်သူများအနေဖြင့် ဒီမိုကရေစီရရှိရေ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဘဝတူ တိုင်းရင်းသားများ ညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ CDM တွင် ပါဝင်ရေး စသည့် ကြွေးကြော်သံများကို အဓိက ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဒေါနအရှေ့ခြမ်းနေ ဒေသခံများ၏ ယနေ့ ဆန္ဒဖော်ထုတ်မှုသည် (၆) ကြိမ်မြောက်ဆန္ဒဖော်ထုတ်မှု ဖြစ်ပြီး ပြီးခဲ့ လများတွင် မြဝတီမြို့အထိ လူအင်အား သောင်းချီ၍ သွားရောက်ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်ခဲ့သေး သည်။







