ကော့ကရိတ်-ကျိုက်ဒုံလမ်းအဝင်တွင် ဝင်ရောက်မောင်းနှင်လာသော ဆိုင်ကယ် သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှ ကျည်အစစ်ဖြင့် လှမ်းပစ်ခတ်ခဲ့သည်ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်-ကျိုက်ဒုံလမ်းအဝင် ကိုက် ၁၀၀ ခန့်တွင် ဆန္ဒထုတ်ဖော်ရန် ချီတက်လာသည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှ (AK)သေနတ် ကျည်အစစ် ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြသူတစ်ဦးက ယခုလို ပြောသည်။
သူက “ပစ်တာကတော့ ၁၁ နာရီကျော်ကျော်လောက်မှာပါ။ AK သေနတ်နဲ့ ပစ်တာ ၄ ချက်ရှိတယ်။ ဆိုင်ကယ်က ဆယ်စီးကျော်ကျော် အစီးနှစ်ဆယ်လောက်ပဲ ချီတက်လာတာ။ မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူး။ ဆိုင်ကယ်တွေကို တည့်တည့်ပစ်တာဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ အခင်းဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင်နှင့်အတူ စစ်သားများရှိသော်လည်း ထိုပစ်ခတ်မှုမှာ ကော့ကရိတ်ခရိုင် ဒုခရိုင်ရဲမှူး ပြည့်ဖြိုးအောင်မှ အမိန့်ပေး ပစ်ခိုင်းခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူဘက်က ပြောသည်။
ယနေ့ ကော့ကရိတ် -ကျိုက်ဒုံလမ်းအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ပစ်ခတ်ခံရသော်လည်း ကော့ကရိတ်-ကမိုင်ကုန်းလမ်းအဝင် ဘက်တွင် လူဦးရေ ၂၀၀ ကျော်က အေးချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။







