KNU/KNLA ငြိမ်းချမ်းရေးကောင်စီ(PC)၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးစောရင်နု (၇၈)နှစ်သည် မတ်လ ၁၁ ရက် မနက်အစောပိုင်းတွင် ရန်ကုန်မြို့ရှိ ကွယ်ကဘောဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
ကွယ်ကဘောဆေးရုံမှ ဒေါက်တာရီဘက်ခါထင်က “ဒီမနက်စောစော ညသန်းခေါင်ကျော်မှာ ဆုံးပါးသွားပါ တယ်။ သူ့မှာက ဦးနှောက်သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ယောင်နဲ့ ဆီးချိုဓာတ်ခံရှိတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
ဒုဗိုလ်ချုပ်ကြီး စောရင်နုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ကတည်းက ရန်ကုန်မြို့ရှိ ကွယ်ကဘောဆေးရုံတွင် သွားရောက်ဆေးကုသခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောရင်နုသည် ငြိမ်းချမ်းရေးကောင်စီတွင် စစ်ထောက်ချုပ်တာဝန်ကိုလည်း ယူထားသူဖြစ်ပြီး ၎င်း၏ရုပ်ခန္ဓာကို ရန်ကုန်မှ ယနေ့ပြန်လည်သယ်ဆောင်လာပြီး အဖွဲ့အစည်း အခြေစိုက်ရာ မယ်လစခန်းသို့ ယူဆောင်သွားမည်ဖြစ်ကြောင်း PC ၏ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွှန့် ကလည်း ကေအိုင်စီသို့ ပြောဆိုသည်။
၎င်းက “အဖိုးကတော့ အသက်ကြီးလာတဲ့အတွက် သူထွက်သွားခဲ့တာဖြစ်ပါတယ်။ အခုက တိုင်းရေးပြည်ရေး ရှုပ်ထွေးနေတဲ့အချိန်လည်းဖြစ်တယ်။ သူ့ရဲ့ဈာပန အခမ်းအနားအစီအစဉ်ကတော့ ကျနော်တို့နေရာဟောင်း မယ်လမှာပဲ လုပ်သွားမှာဖြစ်ပါတယ်။”ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးစောထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်း ရေးကောင်စီအဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့ပြီး ထိုစဉ်က ဒုဗိုလ်ချုပ်ကြီးစောရင်နုလည်း ပါဝင်ခဲ့သည်။







