ညောင်ကုန်းရွာသစ်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက် ၅ ဦးသေဆုံးဟု KNU ပြော

ညောင်ကုန်းရွာသစ်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက် ၅ ဦးသေဆုံးဟု KNU ပြော

သထုံခရိုင်၊ ဖားအံမြို့ နယ်၊ ညောင်ကုန်းရွာသစ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော စစ်တပ်နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA -တပ်မဟာ(၁) တို့ကြား ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု KNU က ပြောသည်။

စစ်တပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ၎င်းတို့အား ထိုးစစ်ဆင်လာမှုကြောင့် ယခုလို ပစ်ခတ်မှုဖြစ် ပွားရခြင်း ဖြစ်သည်ဟု သထုံ(တပ်မဟာ ၁) ခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ယနေ့ (မတ် ၁၀ ရက်)တွင် ပြောသည်။

“မြန်မာ့တပ်မတော်နဲ့ BGF ပူးပေါင်းပြီးတိုက်နေတာ ဟုတ်တယ်။ သူတို့ ၅ ယောက်ကျတယ်။ ကျနော်တို့ဖက် ကတော့ ထိခိုက်ကျဆုံးတာမရှိပါဘူး။” ဟု သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောသည်။  

KNU ၏ သူးလေသတင်းစဉ်ဖော်ပြချက်အရ စစ်တပ်၏ ခလရ-၂၀၄ နှင့် ၂၀၅ ပူးပေါင်းတပ်ရင်းက ယမန်နေ့ နံနက် ၅ နာရီတွင်လည်းကောင်း၊ နံနက် ၇ နာရီတွင် ခမရ-၁၁၈ တပ်ရင်းမှလည်းကောင်း၊ တပ်မ ၄၄ ဌာနချုပ်အနီးမှ အမြှောက်တပ်ရင်းက လည်းကောင်း၊ နံနက် ၇နာရီ ၄၅ မိနစ်တွင် လေ့ကျင့်ရေး(၉) အလံတစ်ရာမှ လည်းကောင်း KNU တပ်မဟာ-၁ နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

နံနက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ကြိမ်တွင် ထိခိုက်ကျဆုံးသူများမရှိသော်လည်း နေ့လည် ၁၂နာရီ နာရီဝန်းကျင်တွင် သထုံခရိုင်၊ ဖားအံမြို့နယ်၊ ညောင်ကုန်းရွာသစ်၌ ဖြစ်ပွားခဲ့သော အပြန်အလှန်ပစ် ခတ်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး KNU ဘက်မှ ထိခိုက်သေဆုံးခြင်းမရှိဟု သူးလေသတင်းစဉ်တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့(မတ် ၁၀ ရက်)တွင် နှစ်ဖက်တပ်များ အပြန်အလှန် ပစ်ခတ်မှုမရှိသော်လည်း သထုံခရိုင်၊ ပိန္နဲတော ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က လူနေထိုင်ရာဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

ယခု မတ်လအတွင်း ရဲ၊ လွှတ်တော်ကိုယ်စားလှယ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် လူဦးရေ ၅၀ ကျော်ကို KNU တပ်မဟာ(၁)မှ ကူညီ ကြိုဆို လက်ခံထားရှိမှုနှင့်ပတ်သက်၍ စစ်တပ် က ပစ်မှတ်ထားတိုက်ခိုက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။ 

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...