အမျိုးသမီးရွာသူကြီးဟောင်းများကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် KWO ဂုဏ်ပြု

အမျိုးသမီးရွာသူကြီးဟောင်းများကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် KWO ဂုဏ်ပြု

KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပိတခကျေးရွာတွင် ယနေ့ ကျင်းပခဲ့သည့် ၁၁၀ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် KWO-ကရင်အမျိုးသမီးအစည်းအရုံးက အမျိုးသမီး ရွာသူကြီးဟောင်းများကို ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ရွာသူကြီးအမျိုးသမီးများသည် စစ်ရေးပဋိပက္ခ ပြင်းထန်သည့်ကာလတွင် အမျိုးသားများ မလုပ်ရဲသည့် တာဝန် များကို ကျေးရွာအတွက် ကာကွယ်ရင်း ရွာသူကြီးလုပ်နေရသည့်သူများဖြစ်သည့်အတွက် ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက် သောကြောင့် ယခုလို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်သည်ဟု ဖားအံခရိုင် KWO အတွင်းရေးမှူး နော်ရှီးဝါးက ကေအိုင် စီသို့ ပြောသည်။

“ဒီအမျိုးသမီးတွေဟာ နိုင်ငံနဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တာဖြစ်တယ်။ သူတို့တွေဟာ သတ္တိရှိတယ်။ ရဲရင့်တယ်။ အခက် အခဲကြားမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်။ တချို့က အခုချိန်ထိ အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက် ထမ်း ဆောင်နေရတုန်းပဲ။ ကျမတို့အတွက် တန်ဘိုးရှိတယ်။ အတုယူသင့်တယ်။ ကျေးရွာအတွက် မကဘူး၊ လူမျိုးအတွက်၊ နိုင်ငံအတွက် ပေးဆပ်တယ်လို့ ကျမတို့ သတ်မှတ်နိုင်တဲ့အတွက် သူတို့ကို ကျမတို့ ဂုဏ်ပြုလိုက်တာဖြစ်တယ်။”ဟု သူမက ပြောသည်။

KNU ဖားအံခရိုင်ရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ထီလုံ၊ နဘူးနှင့် ဒုံရင်းမြို့နယ် ၅မြို့နယ်မှ အသက် ၅၀ကျော်မှ ၈၀ကျော်အထိ အမျိုးသမီးရွာသူကြီးဟောင်း ၅၄ဦးရှိပြီး အသက်အရွယ်ကြောင့် ၄၈ဦးသာ ယနေ့အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ သည်။

အမျိုးသမီးရွာသူကြီးဟောင်း အသက် ၇၀ကျော်အရွယ် နန်းမူက “ဖြတ်လေးဖြတ်တုန်းက ဘယ်သူမှ ရွာသူကြီး မလုပ်ရဲ ဘူး။ ရွာမှာ ခဏခဏ တိုက်ပွဲဖြစ်၊ ဒီဘက်သွားတော့လည်း နင်တို့က တပ်ထဲကလူ၊ တပ်တွေက ရွာလာရင်လည်း နင်တို့ က သူပုန်လူဆိုပြီး နှိပ်စက်တော့ ကြောက်ကြတယ်။ ရွာသူကြီးမရှိရင် ရွာက ဒုက္ခရောက်တော့ အဘွားတို့တွေက လုပ်ရ တယ်။ နင်တစ်လှည့်ငါတစ်လှည့် သူကြီးတာဝန်ကို အမျိုးသမီးတွေက လုပ်ရတာ၊ တချို့လည်း မရှိတော့ဘူး။ အခုတော့ အေးဆေးသွားပြီး ယောက်ျားတွေလည်း သူတို့ပြန်လုပ်ရဲပြီ။”ဟု ပြောသည်။

ယနေ့ အခမ်းအနားသို့ ရွာသူကြီး အမျိုးသမီးများ အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ KNU ပိုင်ကျုံမြို့နယ်မှ တာ ဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များနှင့် ကျေးရွာလူထုများ အပါအဝင် လူဦးရေ ၈၀၀ကျော် တက်ရောက်ခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...