ကရင်အမျိုးသားပါတီကို အစိုးရအဖွဲ့တွင်ပါဝင်ရန် ကြားလူမှတဆင့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ထားကြောင်း KNP တာဝန်ရှိသူ တဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။
"မနေ့က ပြောလာတယ် အစိုးရအဖွဲ့ထဲ(နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ)မှာ ပါဖို့ကမ်းလှမ်းတာပါ။ ကျနော့်အထင် တိုင်းအဆင့်ထင်ပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲကတည်းက ပါတီဝင်တွေ အားကုန်ပြီးတော့ အချိတ်အဆက်လည်းနည်းနေတယ်။ ပြောရမယ်ဆို လုပ်ဖို့ အင်အား နည်းနေတော့ အဆင်သင့်မဖြစ်တဲ့အကြောင်း ပြောလိုက်တယ်" ဟု ပါတီတာဝန်ရှိ သူတဦးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ တခြားကရင်ပါတီ တစ်ခုဖြစ်သည့် KPP ဥက္ကဌ စောထွန်းအောင်မြင့်သည် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ အစိုးရအောက် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် KPP ပါတီ ကိုယ်စားပြုပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူ ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ဟောင်း မန်းငြိမ်းမောင်ကိုလည်း ဗဟိုအဆင့် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့တွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။
KNP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA)ဝင် ပါတီတစ်ခုဖြစ်ပြီး အဖွဲ့ဝင် အခြားတိုင်းရင်းသားပါတီအချို့လည်း အစိုးရအဖွဲ့တွင်ပါဝင်ရန် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ထားကြောင်း ကေအိုင်စီ သတင်းရရှိသည်။







