မောင်ကျော်စွာ — မင်းအောင်လှိုင်အစိုးရ၏ ‘ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း’ ဆိုသည်မှာ တကယ်ပဲ အလုပ် ဖြစ်နိုင်သလားဆိုသည့် မေးခွန်းကို လေ့လာဆန်းစစ်ကြည့်ကြရအောင်။
ကျနော်တို့အနေဖြင့် ဖြစ်စဉ်၊ ဖြစ်ရပ်များကို သဘောထားအမှန်ဖြင့် လေ့လာဆန်းစစ်သည့်နေရာတွင် လက်တွေ့နှင့် လည်းကောင်း၊ သမိုင်းကြောင်းဖြစ်စဉ်၊ ဖြစ်ရပ်များနှင့်လည်းကောင်း နှိုင်းယှဉ်လေ့လာဆန်းစစ်ဖို့ လိုအပ်ပါသည်။
ဖြစ်စဉ်၊ ဖြစ်ရပ်များကို ‘လက်တွေ့နှင့် သမိုင်းကြောင်း’ ဆိုသည့် အလင်းရောင်ဖြင့် ချိန်ထိုးနှိုင်းယှဉ် လေ့လာဆန်း စစ်ကြည့်မှသာ ပကတိအကြောင်းအချက်များကို ထင်ထင်ရှားရှားမြင်နိုင်ပြီး ကြောင်းကျိုးလျော်ညီသည့် သုံးသပ်ချက်ဆီသို့ တည့်မတ်စွာ ဦးတည်နိုင်စေပါလိမ့်မည်။
ပထမဦးစွာ (၂၉-၆-၂၀၂၆) ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ၊ အယ်ဒီတာ့အာဘော်ထဲက စာပိုဒ်တစ်ပိုဒ်ကို မူရင်း အတိုင်း ကောက်နုတ်ပြီး ဖော်ပြခြင်းဖြင့် စတင်ပါရစေ။
“ကုန်လွန်ခဲ့သည့် ၇၈ နှစ်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်တို့က ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင် ရွက်မှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ ယင်းသို့ကြိုးပမ်းဆောင်ရွက်မှုများသည် မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့် အောင်မြင်မှုမရရှိခဲ့။”
ဒီကောက်နုတ်ချက်ကို ‘သမိုင်းကြောင်း’ ဆိုသည့် အချက်အလက်အရ စစ်ဆေးကြည့်သည့်အခါ မြန်မာ့အလင်း သတင်းစာ၊ အယ်ဒီတာ့အာဘော်ထဲက ဒီဖော်ထုတ်ရေးသားဝန်ခံချက်မှာ ပြည်တွင်းစစ် စတင်သည့် ၁၉၄၈ ခုနှစ်၊ မတ်လကနေ ၂၀၂၆ ခုနှစ် (မင်းအောင်လှိုင်တို့ စစ်အုပ်စုအုပ်စိုးနေသည့်) မျက်မှောက်ကာလအထိ ၇၈ နှစ် တာ ကာလကို ဆိုလိုခြင်း ဖြစ်သည်။
ဝန်ခံချက်မှာ ၇၈ နှစ်တာကာလအတွင်း အုပ်စိုးသူအစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ် အခါခါ လုပ်ခဲ့ကြဖူးသည်။ လုပ်ခဲ့သမျှမှာ ဘယ်တုန်းကမှ ရာနှုန်းပြည့်အောင်မြင်မှုမရှိခဲ့ပါဟု ဖွင့်ဟဝန်ခံခြင်း ဖြစ်သည်။
ဤအချက်ကို ကျနော်တို့ လေးလေးနက်နက် မှတ်သားထားရပါမည်။ ပြီးလျှင် တစ်ဆင့်တက်ပြီး မေးခွန်းထုတ် လေ့လာဆန်းစစ်ကြရမှာက ဘယ်လိုငြိမ်းချမ်းရေးပေါ်လစီနှင့် သဘောထားကို အုပ်စိုးသူအစိုးရအဆက်ဆက်က ကိုင်စွဲခဲ့ကြ၍ လုပ်ခဲ့သမျှမှာ ဘယ်တုန်းကမှ ရာနှုန်းပြည့်အောင်မြင်မှု မရနိုင်ဘဲ ‘သဲထဲရေသွန်သလို’၊ ‘အိတ်ပေါက်နှင့် ဖားကောက်သလို’ ဘာကြောင့် ဖြစ်ခဲ့ရသနည်းဆိုသည့် အချက်ဖြစ်သည်။
၇၈ နှစ်ဆိုသည့် သမိုင်းကြောင်းကို လေ့လာသည့်အခါ ‘ဘယ်သူ့လက်ထဲမှာ အာဏာချုပ်ကိုင်ထားသလဲ’ ဆိုသည့် အခြေခံအချက်ကို အရင်းတည်ကာ ‘စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလ’ နှင့် ‘စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုကာလ’ ဟု၍ အပိုင်း (၂) ပိုင်း ခွဲခြားလေ့လာကြည့်ကြပါစို့။
စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလ (၁၉၄၈ – ၁၉၆၂)
၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပါလီမန်ဒီမိုကရေစီစနစ် (ပါတီစုံစနစ်) နှင့် အုပ်စိုးခြင်းဖြစ်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ (၁၄) နှစ် ကြာမြင့်ပါသည်။
ပြည်တွင်းစစ်မှာ ဤအခြေခံဥပဒေနှင့် ပါလီမန်ဒီမိုကရေစီစနစ်ဘောင်ထဲမှာပင် စတင်ပေါက် ကွဲပေါ်ထွက်လာခြင်း ဖြစ်သည်။
ပြည်တွင်းစစ်ဆိုသည်မှာ တစ်နည်းအားဖြင့် နိုင်ငံရေးပြဿနာကို ပါလီမန်ဒီမိုကရေစီဘောင်ထဲမှာ ဒီမိုကရေစီ နည်းလမ်းဖြင့် မဖြေရှင်းဘဲ သေနတ်နှင့် အကြမ်းဖက်ပြီး ဖြေရှင်းကြ၍ ပေါက်ကွဲပေါ်ထွက်လာရခြင်း ဖြစ်သည်။
ပြည်တွင်းစစ် ဖြစ်လာသည့်အခါမှာ ‘စစ်တပ်နှင့် ကာချုပ်’ ၏ အဆင့်နေရာနှင့် အနေအထားမှာ ရှေ့တန်းသို့ ရောက်လာပါသည်။ အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍကို ရောက်မှန်းမသိ ရောက်ရှိလာပါသည်။
နိုင်ငံရေးစနစ်မှာလည်း ‘ပါလီမန်ဒီမိုကရေစီစနစ်’ ဖြစ်နေပြန်တော့ ‘အာဏာရပါတီနှင့် အတိုက်အခံပါတီများ’ အကြားမှာ ‘ပြည်တွင်းသောင်းကျန်းမှု အပြုတ်တိုက်ရေးပေါ်လစီ’ နှင့် ‘ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး’ ပေါ်လစီ (၂) ရပ်မှာ မလွှဲမရှောင်သာဘဲ ထိပ်တိုက်တွေ့လာရပါတော့သည်။
အတိုက်အခံနိုင်ငံရေးပါတီ၊ ငြိမ်းချမ်းရေးအသင်းအဖွဲ့များ၊ ကျောင်းသားများကလည်း လူထုစည်းရုံးရေး၊ သူတို့ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ပြည်သူ့ထောက်ခံမဲရရှိစေရေးအတွက် ‘ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးပေါ်လစီ’ ကို ကိုင်စွဲတောင်းဆို တိုက်ပွဲဝင်လာကြပါသည်။
(၁၉၄၈ – ၁၉၆၂) ပါလီမန်ဒီမိုကရေစီစနစ်အုပ်စိုးမှု (၁၄) နှစ်တာကာလအတွင်းမှာ အုပ်စိုးသူများမှာ အခြေခံအားဖြင့် ပြည်တွင်းစစ်ပြဿနာကို ပြည်တွင်းဆူပူသောင်းကျန်းမှုဟု သဘောထားပြီး အပြုတ်တိုက်ရေးပေါ်လစီကိုသာ ကိုင်စွဲအကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် သဘာဝကျစွာပင် ‘စစ်တပ်နှင့် ကာချုပ်’ ကို အာဏာရပါတီက မျက်နှာချိုသွေးရခြင်း၊ နိုင်ငံရေးတွင် စစ်တပ်က စွက်ဖက်လာအောင် ကိုယ်တိုင်ကိုယ်ကျ ရေလာမြောင်းပေး လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် (ပုဒ်မ-၁၁၆) ကို လက်တစ်လုံးခြား ချိုးဖောက်ပြီး (စစ်ဦးစီးချုပ်ကို ဝန်ကြီးချုပ်ခန့်အပ်ကာ ‘အိမ်စောင့်အစိုးရ’ ဖွဲ့စည်းပြီး အုပ်ချုပ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပပေးရသည့်အထိ) အာဏာရပါတီက အလွန်အကျွံ လုပ်လာပါတော့သည်။
၁၉၅၈ – ၅၉ ကာလက ‘ဗိုလ်ချုပ်နေဝင်းအိမ်စောင့်အစိုးရ’ မှာ စစ်ဗိုလ်တစ်စု၏ အကျပ်ကိုင်မှုနှင့်အတူ ဤသို့သော ရေခံမြေခံမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုစဉ်က (နု-တင်၊ ဆွေ-ငြိမ်း) ဟု၍ အတိအလင်း နှစ်ခြမ်းကွဲနေပြီး ဖြစ်သည့် (ဖဆပလ) အာဏာရပါတီ၏ အမြင်တိုသည့် တစ်နပ်စား ရည်ရွယ်ချက်မှာ နှစ်ခုသာရှိသည်။
ပထမတစ်ခုမှာ အင်အားကြီးမားလာသည့် သူပုန် (ထိုစဉ်က အသုံးအနှုန်းမှာ ရောင်စုံသူပုန်) များကို အပြုတ် ချေမှုန်း ရန်နှင့် လက်နက်ချအညံ့ခံလာစေရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပေးရန် ဖြစ်သည်။
အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် (၁၉၄၇ အခြေခံဥပဒေကို လက်တစ်လုံးခြား ချိုးဖောက်ပြီး) တာဝန်ယူခဲ့သည့် ကာချုပ်ဗိုလ်ချုပ်နေဝင်းနှင့် သူဦးစီးနေသည့်စစ်တပ်မှာ နိုင်ငံရေးတွင် ပါဝင်ခြယ်လှယ်ခွင့်နှင့် စီမံခန့်ခွဲခွင့်ဆိုသည့် အာဏာကို လက်တွေ့မြည်းစမ်းခွင့် ‘တရားဝင်’ ရရှိသွားပါတော့သည်။ ဒီဖြစ်ရပ်မှာ စစ်အာဏာရှင်စနစ်၏ သန္ဓေတည်မှု နိဒါန်းအစပဲ ဖြစ်သည်။
ဤနေရာတွင် အလေးအနက် သင်ခန်းစာယူကြရမည့်အချက်မှာ ပြည်တွင်းစစ်ဖြစ်နေသည့်ကာလ၊ ပါလီမန်စနစ် (ပါတီစုံ) ဖြင့် အုပ်စိုးနေသည့်တိုင်းပြည်တွင် အာဏာရပါတီထဲက (အာဏာအတွက်) အားပြိုင်မှု သို့မဟုတ် အုပ်စု တိုက်ပွဲ အနိုင်ရရှိရေးအတွက် စစ်တပ်နှင့် စစ်ဦးစီးချုပ်ကို နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြယ်လှယ်ခွင့် ပေးခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ အာဏာရပါတီအတွင်းက ဂိုဏ်းအုပ်စုတိုက်ပွဲက စစ်တပ်ထဲသို့ ရိုက်ခတ်သွားပြီး စစ်တပ်ထဲက စစ်ဗိုလ် တစ်စုကလည်း မိမိတို့လိုလား တိမ်းညွတ်ရာ အာဏာရပါတီထဲက ဂိုဏ်းအုပ်စု အသာရရှိရေးအတွက် ဘက်လိုက် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဖြင့် တည်ဆဲ (၁၉၄၇ ခုနှစ်) အခြေခံဥပဒေကို ချိုးဖောက်ခြင်းဆိုသည့် အင်မတန်ကြီးမားသည့် အမှားကြီး (၃) ရပ်ကို မထိန်းနိုင်မသိမ်းနိုင်ဘဲ လက်လွန်ခြေလွန် ကျူးလွန်ခဲ့ကြသည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓဘာသာကို ‘နိုင်ငံတော်ဘာသာပြုလုပ်ခြင်း’ ဆိုသည့် ဘာသာရေးကို နိုင်ငံရေးအာဏာအလို့ငှာ မဆင်မခြင် ခုတုံးလုပ်ခဲ့ကြခြင်းကိစ္စကိုလည်း မပျက်မကွက် ထည့်သွင်းပြီး သင်ခန်းစာယူကြရမည် ဖြစ်သည်။
ဤအချက်မှ ဆက်လက်ထုတ်ယူရမည့် အရေးပါသည့် သင်ခန်းစာ (၂) ခုမှာ ပါတီစုံဒီမိုကရေစီစနစ်ကို နည်းမှန်လမ်းမှန်၊ သဘောထားအမှန်ဖြင့် တည်ဆောက်မည်ဆိုလျှင် ပြည်တွင်းစစ်ကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရပ်စဲဖို့ မဖြစ်မနေလိုအပ်သည်ဆိုသည့်အချက်နှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်၊ စစ်သားများ နိုင်ငံရေးတွင်၊ လွှတ်တော်တွင် ပါဝင်ပတ်သက်ခြင်းမရှိစေဖို့ နိုင်ငံရေးနှင့် ကင်းရှင်းစေဖို့ပင်ဖြစ်သည်။
နောက်ဆုံးတွင် ပါလီမန်ဒီမိုကရေစီစနစ်နှင့် အုပ်စိုးမှုမှာ (၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကို အာဏာရပါတီကိုယ်တိုင် ချိုးဖောက်ပြီး သူကိုယ်တိုင် ၁၉၅၈ – ၅၉ တွင် ပင့်ဖိတ်ခေါ်ယူခဲ့ဖူးသည့် စစ်တပ်နှင့် ကာကွယ်ရေးဦးစီးချုပ်၏ အာဏာသိမ်းပိုက်မှုကြောင့်) ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် အာဏာလက်လွတ်ဖြစ်ကာ တစ်စခန်းရပ်သွားရပါတော့ သည်။
စစ်အုပ်စုမတိုင်မီ အုပ်စိုးမှုကာလ (၁၉၄၈ – ၁၉၆၂) သမိုင်းကြောင်းကနေ ရရှိချက်များ -
· ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခဲ့ခြင်း။
· ၁၉၄၇ အခြေခံဥပဒေကို ချိုးဖောက်မိသည့်အမှားကို ကျူးလွန်မိခြင်း။
· နိုင်ငံရေးတွင် စစ်တပ်နှင့် ကာချုပ်၏ စွက်ဖက်စီမံခွင့်ကို လမ်းဖွင့်ပေးခဲ့မိခြင်း။
· နောက်ဆုံး စစ်တပ်၏ အာဏာသိမ်းပိုက်မှုကိုခံရပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဖျက်ဆီးခံရကာ အာဏာလက်လွတ်ဖြစ်ခဲ့ရခြင်း။
· ပြည်တွင်းစစ်ရပ်စဲရေးကို သဘောထားအမှန်ဖြင့် တည့်မတ်တည်ကြည်စွာ ဦးတည်သူတိုင်းမှာ ‘ပါတီစုံဒီမိုကရေစီစနစ်’ ကို တည်တံ့ခိုင်မြဲစေမည့် ရေခံမြေခံများကိုလည်း မပျက်မကွက် ဆက်စပ်ထည့် သွင်း စဉ်းစားချမှတ် စီမံနိုင်ရမည်ဖြစ်ခြင်း။
စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုကာလ (၁၉၆၂ ခုနှစ် မတ် – ၂၀၂၆ ခုနှစ် မျက်မှောက်ကာလ)
၁၉၆၂ ခုနှစ် မတ်လကနေ စတင်ကာ တော်လှန်ရေးကောင်စီ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၊ (နဝတ – နအဖ)၊ ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်စစ်အုပ်စု အာဏာသိမ်း ပိုက်မှု (စကစ/စကမ)၊ မျက်မှောက်ကာလ မင်းအောင်လှိုင်အစိုးရအထိ နာမည်အမျိုးမျိုးဖြင့် စစ်အုပ်စုအဆက်ဆက် က ဖိနှိပ်အုပ်စိုးနေသည်မှာ ၆၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
အနှစ်သာရအချက်မှာ ‘အာဏာ’ မှာ ဘယ်သူ့လက်ထဲသို့မှ ရောက်ရှိမသွားဘဲ စစ်အုပ်စုအဆက်ဆက်၏ လက်ထဲမှာပင် ရှိသည်ဆိုတာဖြစ်သည်။
လောလောဆယ် ထင်သာမြင်သာအရှိဆုံးဖြစ်သည့်အချက်မှာ (၁၉၆၂ - ၂၀၂၆) နာမည်အမျိုးမျိုးဖြင့် စစ်အုပ်စု အဆက်ဆက် အုပ်စိုးမှုမှာ (၁၉၄၈ – ၁၉၆၂) ပါလီမန်ဒီမိုကရေစီစနစ် အုပ်စိုးမှုထက် ပိုမိုရှည်ကြာနေခြင်း ဖြစ်သည်။ (၆၄) နှစ်နှင့် (၁၄) နှစ် မဟုတ်ပါလား။
ထို့ကြောင့် မြန်မာ့အလင်းသတင်းစာ၊ အယ်ဒီတာ့အာဘော်က ဝန်ခံဖော်ပြထားသလို ‘ကုန်လွန်ခဲ့သည့် ၇၈ နှစ် ကာလ အတွင်း မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့် အောင်မြင်မှုမရရှိခဲ့’ ဘူးဆိုသည်မှာ ပါလီမန်ဒီမိုကရေစီစနစ် အုပ်စိုးမှု သက်တမ်းထက် ၅ ဆနီးပါး ပိုမိုကြာမြင့်သည့် စစ်အုပ်စုအုပ်စိုးမှုကာလတွင် ငြိမ်းချမ်းရေးရရှိအောင် စွမ်းဆောင်နိုင် ခြင်း မရှိသည့်အချက်မှာ အင်မတန်ထင်ရှားနေပါသည်။
ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် တူသည်ဟု ပြောရမည်ဖြစ်သည်။ ဤနေရာတွင်လည်း အောင်မြင်မှုမရရှိခဲ့ကြပါ။
စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုအောက် (၆၄) နှစ်တာကာလအတွင်းမှာလည်း ‘၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ) တစ်ပါတီအာဏာရှင်စနစ်’ ဆိုသည့် နိုင်ငံရေးဘောင်ကို အုပ်စိုးသူစစ်အုပ်စုက အသေကိုင်စွဲထားလေတော့ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့က ဘယ်လိုမှမလွယ်ကူပါ။
ထို့ကြောင့် လက်တွေ့ဖြစ်ရပ်မှာလည်း (မဆလ) တစ်ပါတီစနစ်ဖြင့် အုပ်စိုးသည့် (၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ) ၁၄ နှစ်တာကာလတွင်လည်း ပြည်တွင်းစစ် မရပ်စဲနိုင်ခဲ့ပါ။ ငြိမ်းချမ်းရေး မရရှိခဲ့ပါ။ လက်နက်ချ အလင်းဝင်မှုများ တော့ ရှိခဲ့ပါသည်။
အဓိကအကြောင်းရင်းမှာ အဓိကအုပ်စိုးသူဖြစ်သည့် ဗိုလ်နေဝင်းက ပြည်တွင်းစစ်ပေါ်လစီကို ကိုင်ထားပြီး ထိုပေါ်လစီ၏ လက်တွေ့ကျင့်သုံးမှုမှာ ၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ) တစ်ပါတီအာဏာရှင်စနစ်အောက်တွင် သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးနှင့် လက်နက်ချရေး၊ အလင်းဝင်ရေးအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ဤသို့သော ပေါ်လစီ၊ ဤသို့သော အခြေခံဥပဒေအောက်တွင် ‘ငြိမ်းချမ်းရေး’ မရှိခဲ့ခြင်းမှာ ဘာမှမဆန်းပါ။
ပြည်တွင်းစစ်ရပ်စဲရေးဆိုသည်မှာ အဓိကအားဖြင့် နိုင်ငံရေးပြဿနာကို (အစိုးရနှင့် သူပုန်) ဆွေးနွေးဘက်များက တန်းတူချဉ်းကပ်ကြပြီး တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို အတူလက်တွဲဆောင်ရွက်နိုင်မည့် ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ သို့မဟုတ် ‘သူမနာ ကိုယ်မနာ’ ကိုယ်စီသဘောထားကြပြီး ဒီမိုကရေစီနည်းကျကျ အပေးအယူရှိရှိ ဖြေရှင်းကြရမည်ဖြစ်သည်။
စစ်ပွဲတွင်ပင် မရရှိနိုင်သည့် ‘အမြစ်ပြတ်ချေမှုန်းရေး’ ကို စေ့စပ်ရေးစားပွဲပေါ်တွင် ရရှိဖို့ မကြိုးစားသင့်ပါ။
သို့သော်လည်း အုပ်စိုးသူများမှာ ၁၉၇၄ အခြေခံဥပဒေနှင့် (မဆလ) တစ်ပါတီအာဏာရှင်စနစ်ကို အလျှော့ မပေး စတမ်း ဆုပ်ကိုင်ထားပြီး တစ်ဖက်က ထိုးစစ်ကြီးများ၊ စစ်ဆင်ရေးကြီးများ ဆင်နွှဲကာ လက်နက်ချအလင်းဝင်ရေး ကိုသာ ဦးတည်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ အရှိန်အဟုန်ကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် မဆလပါတီ ပျက်ပြားသွားပြီးနောက် နိုင်ငံရေးအာဏာမှာ ဗိုလ်နေဝင်းစစ်အုပ်စု၏ တပည့်သားမြေးများဖြစ်သည့် (နဝတ – နအဖ) စစ်အုပ်စုဖြစ်သည့် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ လက်ထဲသို့ ရောက်လာပါသည်။
ထိုကာလတွင်လည်း ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့ပါ။ ‘အပစ်အခတ်ရပ်စဲရေး’ ဆိုသည်များ တော့ တသီတတန်းကြီး ပေါ်ပေါက်ခဲ့သည်။
ထို (နဝတ – နအဖ) စစ်အုပ်စုက ‘စည်းကမ်းပြည့်ဝသည့် ပါတီစုံစနစ်’ ဆိုသည်ကို ၂၀၀၈ အခြေခံဥပဒေနှင့်အတူ ဖော်ထုတ်လာပြန်ပါသည်။ ဤအခါတွင်လည်း ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခဲ့ပါ။
မရပ်စဲနိုင်သည့်အပြင် မင်းအောင်လှိုင်စစ်အုပ်စု၏ (၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ) အာဏာသိမ်းပိုက်မှုက ပြည်တွင်းစစ်ကို အရှိန်အဟုန်ဖြင့် တစ်ကျော့ပြန် တောက်လောင်လာခဲ့ပြန်ပါသည်။
မင်းအောင်လှိုင်စစ်အုပ်စု၏ မဲမသမာမှုဟု လုပ်ကြံအကြောင်းပြချက်ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးပြီး အာဏာသိမ်းပိုက်မှုမှာ နိုင်ငံနှင့်အဝန်းတွင် CRPH၊ NUG၊ PDF စသည့် မျိုးဆက်သစ် လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တပ်ဖွဲ့အသစ်များကို ပေါ်ပေါက်လာစေရန် ရေခံမြေခံ ဖန်တီးပေးလိုက်ပါတော့ သည်။
‘၂၀၀၈ အခြေခံဥပဒေနှင့် စည်းကမ်းပြည့်ဝသည့် ပါတီစုံစနစ်’ ဆိုသည့် နိုင်ငံရေးဘောင်ထဲတွင်လည်း ပြည်တွင်း စစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ မလွယ်ပါ။ အလားအလာ မရှိပါ။
ပြည်တွင်းစစ်ပေါ်လစီမှာ မင်းအောင်လှိုင်လက်ထဲတွင်ရှိပြီး ‘၂၀၀၈ အခြေခံဥပဒေနှင့် စည်းကမ်းပြည့်ဝသည့် ပါတီစုံစနစ်’ ၏ အနှစ်သာရမှာ စစ်အုပ်စုအာဏာ သားစဉ်မြေးဆက် တည်တံ့ခိုင်မြဲရေးဖြစ်သည်။
မင်းအောင်လှိုင်၏ ပြည်တွင်းစစ်ရပ်စဲရေး (ဝါ) လက်နက်ကိုင်သောင်းကျန်းမှု ချုပ်ငြိမ်းရေး သို့မဟုတ် ထာဝရငြိမ်းချမ်းရေးဆိုသည်မှာ ‘၂၀၀၈ အခြေခံဥပဒေနှင့် စည်းကမ်းပြည့်ဝသည့် ပါတီစုံစနစ်’ ဘောင်ထဲတွင် သူပုန်အဖွဲ့အစည်းများက တပ်ဖျက်လက်နက်ချပြီး အလင်းဝင်ရေးသာဖြစ်နေပါသည်။
‘ဘယ်လို ကြိုတင်ကန့်သတ်ချက်မှ မရှိဘူး’ ဟု တစ်ဖက်ကနေ မင်းအောင်လှိုင်တို့က အသံကျယ်ကျယ်ဖြင့် ပြောဆိုနေသော်လည်း လက်တွေ့မှာကတော့ ‘၂၀၀၈ အခြေခံဥပဒေနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်’ ဆိုသည့် ဘောင်ထဲဝင်လာအောင် စစ်ရေးထိုးစစ်များဖြင့် လက်နက်ချအလင်းဝင်ရေး ဖိတ်ခေါ်ချက်များဖြင့် အတင်းအကျပ် ဖိအားပေးနေခြင်းဖြစ်သည်။
ဗိုလ်ရာပြည့် ဥက္ကဋ္ဌလုပ်နေသည့် (NSPNC) မှာ လက်နက်ကိုင်အင်အားစုများ တပ်ဖျက်လက်နက်ချ အလင်းဝင် လာစေရေးအတွက် အကောင်အထည်ဖော်ရသည့် မင်းအောင်လှိုင်၏ တစ်လက်ကိုင် ရုပ်သေးကော်မတီများထဲမှ ကော်မတီတစ်ရပ်မျှသာဖြစ်သည်။
ဗိုလ်နေဝင်းစစ်အုပ်စုက ‘တစ်ပါတီစနစ်နှင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေဘောင်ထဲ ဝင်လာစေသည့်နည်း’ ဖြင့် ပြည်တွင်းစစ်ရပ်စဲဖို့ လုပ်ဆောင်ခဲ့သကဲ့သို့ ဗိုလ်နေဝင်းစစ်အုပ်စုကို ဆက်ခံကြသည့် မင်းအောင်လှိုင်တို့ စစ်အုပ်စု ကလည်း ‘စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်နှင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေဘောင်ထဲ ဝင်လာစေသည့် နည်း’ ဖြင့် ပြည်တွင်းစစ်ရပ်စဲဖို့ ကမ်းလှမ်းနေခြင်း၊ ဖိတ်ခေါ်နေခြင်းဖြစ်သည်။
– တစ်ပါတီစနစ်နှင့် ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေ
– စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်နှင့် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ
တို့မှာ အသွင်သဏ္ဌာန်အရ အင်မတန်ခြားနားပါသော်လည်း နှစ်ခုစလုံးမှာ အနှစ်သာရအရ စစ်အုပ်စု သားစဉ် မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေးပင်ဖြစ်သည်။
တော်လှန်ပုန်ကန်သူများမှာ မိမိလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်၊ လက်နက်ကိုင်တပ်ဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်ချ အလင်းဝင်လာစေရန်သာ ဖြစ်သည်။
စစ်အုပ်စုအဆက်ဆက်မှာ ဤပေါ်လစီကို အလျှော့မပေးစတမ်း အသေကိုင်စွဲထားကြလို့သာ ၆၄ နှစ်တာ ကာလ အတွင်းမှာ ‘မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့် အောင်မြင်မှုမရရှိခဲ့’ ကြခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်မိပါ သည်။
စစ်အုပ်စုအဆက်ဆက် ၆၄ နှစ် လုပ်ခဲ့ကြပြီးပြီ။ ရာနှုန်းပြည့်အောင်မြင်မှု မရရှိခဲ့ကြောင်း အတိအလင်း ဝန်ခံထားပြီ။ မိမိကိုယ်ကို ဇာတ်ညွှန်းဆင်ကာ အာဏာသိမ်းထားသည့် မင်းအောင်လှိုင်စစ်အုပ်စုက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးရဖို့ဆိုတာ ဘယ်လိုမှ မကြံအပ်၊ မစီအပ်သည့်အရာမျိုးသာဖြစ်သည်။
မင်းအောင်လှိုင်က ‘သဲထဲရေသွန်’ တာ ဖြစ်သည်။ ‘အိတ်ပေါက်နှင့် ဖားကောက်’ တာ ဖြစ်သည်။
ဒါကိုလုပ်ရင် ဒီလိုဖြစ်လာလိမ့်မည်ဆိုသည်ကို မင်းအောင်လှိုင်တို့ စစ်အုပ်စုက မသိ၍ မဟုတ်ပါ။ ပြည်တွင်း၊ ပြည်ပကို မျက်နှာပြောင်တိုက်ပြီး လှည့်စားခြင်းဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ဘယ်သူကမှလည်း သူတို့လုပ်ရပ် အပေါ် မယုံကြည်တာကို သူတို့သိပါသည်။
သူတို့က ကြိုတင်ကန့်သတ်ချက်မပါသည့် တွေ့ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်သည်။ လက်နက်ကိုင်အင်အားစုများက မလာကြတာပါဆိုသည့် ဆင်ခြေလိမ်ပေးနိုင်ဖို့အတွက် တမင်တကာ ဇာတ်ကွက်ဇာတ်လမ်းဆင်ခြင်းဖြစ်သည်။
အချို့ လက်နက်ချ အလင်းဝင်ကြခြင်း၊ နယ်ခြားစောင့်တပ်အဖြစ်/ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းကြခြင်းမျိုးများ ရှိလာနိုင်ပါသည်။ သို့သော်လည်း မြန်မာပြည် ပြည်တွင်းစစ်မှာတော့ ရပ်စဲသွားနိုင်စရာအကြောင်း မမြင်မိသေးပါ။







