ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ ဒေါက်တာအောင်နိုင်ဦး တုန့်ပြန်

ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ ဒေါက်တာအောင်နိုင်ဦး တုန့်ပြန်

ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ပေးဖို့ ပြိုင်ဘက်ပါတီ NLD ရဲ့ ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တုန့်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်တင်ပြရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အချက် (၁၅)ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ NLD ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က ကန့်ကွက်လွှာ တင်သွင်းခဲ့တာပါ။

ဒီကန့်ကွက်လွှာအပေါ်  ဖေဖော်ဝါရီလ(၃)ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ကြားနာသွားတော့မှာ ဖြစ်ပါတယ်။

ဒေါက်တာအောင်နိုင်ဦးကတော့ ရွေးကောက်ပွဲမှာ အမှားအယွင်းတစုံတရာ မပြုလုပ်ထားဘူးလို့ ယုံကြည်တဲ့အတွက် အကောင်းဆုံး ပြန်လည် ချေပသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်လည်း တည့်တည့်ပြောရရင် ရွေးကောက်ပွဲသုံးကြိမ်လုံးလုံး ကျွန်တော့အတွက် အမှားအယွင်းမရှိအောင် အမြဲတမ်းဂရုစိုက် ဖြတ်သန်းကျော်လွှာခဲ့တယ်။ ကျွန်တော်အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိဘူးလို့ ကျွန်တော့ကို ကျွန်တော်ယုံကြည်တယ်။ အဲဒါကြောင့်မို့ ကန့်ကွက်လွှာအပေါ်မှာ ကျွန်တော်အကောင်းဆုံး ခုခံချေပသွားပါ့မယ်”လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

ကန့်ကွက်လွှာကို ချေပရာမှာလည်း ပါတီဗဟိုက ကူညီပေးသွားမယ့်အပြင် ရာမညရှေ့နေကွန်ယက်အဖွဲ့ကလည်း ကူညီပေးဖို့ ကမ်းလှမ်းထားတယ်လို ဆိုပါတယ်။

ဦးမင်းကျော်လွင်နဲ့ ဒေါက်တာအောင်နိုင်ဦးကတော့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ (၁၄၀၀)ကျော်နဲ့ အသာစီးရ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီကန့်ကွက်မှုမှာ ဒေါက်တာအောင်နိုင်ဦးက ရှုံးနိမ့်ခဲ့မယ်ဆိုရင်  အဲ့ဒီမဲဆန္ဒနယ်မှာ ထောက်ခံမဲ ဒုတိယ အများဆုံးရခဲ့တဲ့ ဦးမင်းကျော်လွင်က ကိုယ်စားလှယ် ဖြစ်လာမှာပါ။

ခိုင်လုံမဲ (၃၀၀၀၀)ကျော်ရှိတဲ့ ချောင်းဆုံ မဲဆန္ဒနယ် အမှတ်(၁) မှာ NLD ပါတီ ကိုယ်စားလှယ် ဦးမင်းကျော်လွင်က ခိုင်လုံမဲ ( ၁၄၀၀၀) နီးပါး ရပြီး မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကတော့ ခိုင်လုံမဲ (၁၅၀၀၀) ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...