ထိုင်း-မြန်မာနယ်စပ် လက်နက်စီးဆင်းမှု ဖြတ်တောက်ရန် စစ်အုပ်စု ကြိုးပမ်းနေ

ထိုင်း-မြန်မာနယ်စပ် လက်နက်စီးဆင်းမှု ဖြတ်တောက်ရန် စစ်အုပ်စု ကြိုးပမ်းနေ
ဓာတ်ပုံ – MOI
ဓာတ်ပုံ – MOI

စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ခဲယမ်း စီးဆင်းနေမှုကို ဖြတ်တောက်နိုင်ရန် ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးခဲ့ခြင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များ၏ အင်အားကို ယုတ်လျော့ ကျဆင်းသွားစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သုံးသပ်ပြောဆိုသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က “တော်လှန်ရေးအင်အားစုတွေကို အင်အားယုတ်လျော့ကျ ဆင်းသွားအောင်လို့ နည်းပေါင်းစုံနဲ့ လုပ်နေတာ။ ဒါကြောင့်မို့လို့ ဒီဘေးနိုင်ငံတွေနဲ့ ခေါင်းစဉ်အမျိုးမျိုး ဆက်သွယ် ပြီးတော့ လက်နက်ခဲယမ်းစီးဆင်းရေးကို ဖြတ်တောက်ချင်တာက အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာအောင် ကြိုးစားတဲ့ သဘောလို့ မြင်ပါတယ်” ဟု ပြောသည်။

၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဩဂုတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေးနှင့် လက်နက် ခဲယမ်း မှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် မြန်မာဘက်က တောင်းဆိုခဲ့သည့်အပေါ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အထက်ပါအတိုင်း သုံးသပ်လိုက်ခြင်း ဖြစ်သည်။

ကိုမင်းသွေးသစ်က “ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒီဟာကို သတိရှိရှိနဲ့ အတတ်နိုင်ဆုံး ပြန်ပြီး တုံ့ပြန်ရမယ်၊ လမ်းကြောင်းအသစ်တွေ ရှာထားရမယ်။ (စစ်အစိုးရအပေါ်) နိုင်ငံတကာဖိအားကိုလည်း ပုံစံမျိုးစုံနဲ့ ကျင့်သုံးရမှာပါပဲ” ဟု ဆက်ပြောသည်။

ထိုတွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် နယ်စပ်ကုန်သွယ်မှုများ ပြန်လည် ကောင်းမွန်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ (ကောလင်း/ကျားဖြန့်) ပြုလုပ်နေသည့် ကျောက်ခက်နှင့် ရွှေကုက္ကိုလ်ရှိ အဆောက်အအုံများကို မြန်မာဘက်က ဖြိုချဖျက်ဆီးနေသည့် အခြေအနေများ အပါအဝင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးနှင့် မှုခင်းတားဆီးရေး ကိစ္စများကိုလည်း အသိပေး ပြောဆိုခဲ့ သည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည်လည်း ဩဂုတ်လ ပထမပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက် စဉ်က ထိုင်းဝန်ကြီးချုပ် အနုတင်နှင့် တွေ့ဆုံကာ နယ်စပ် လက်နက်ခဲယမ်း လမ်းကြောင်းများကို ဖြတ်တောက် ပေးရန် တောင်းဆိုခဲ့ပြီးနောက် အဆိုပါ ကိစ္စကို စစ်အုပ်စုတပ်ချုပ်သစ်က ထပ်မံအတည်ပြု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေး တပ်ဖွဲ့များအားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဆိုသည့် ထိုင်းအစိုးရ၏ မူဝါဒကြောင့် စစ်အုပ်စု၏ တောင်းဆိုချက်များအပေါ် မတူညီသည့် အမြင်များနှင့် အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။

ထို့ပြင် တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေး သင်တန်းသားများ၊ အားကစားနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန် အလှန် စေလွှတ်ရေး၊ အဆင့်လိုက် ချစ်ကြည်ရေး ခရီးစဉ်များ လည်ပတ်ရေးအပြင် နယ်စပ် မီးခိုးမြူငွေ့ တား ဆီးရေးနှင့် ရေအရည်အသွေး ထိန်းသိမ်းရေးဆိုင်ရာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကိုပါ ဆွေးနွေး ခဲ့ကြသည်။

(ဓာတ်ပုံ – MOI)

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...