ဖာပွန်စစ်ဆင်ရေး၌ ပူးပေါင်းပါဝင်သည့် BGF တပ်ရင်းများကို စစ်အုပ်စုတပ်က ဆုငွေချီးမြှင့်

ဖာပွန်စစ်ဆင်ရေး၌ ပူးပေါင်းပါဝင်သည့် BGF တပ်ရင်းများကို စစ်အုပ်စုတပ်က ဆုငွေချီးမြှင့်
ဓာတ်ပုံ - BGF
ဓာတ်ပုံ - BGF

ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ် ဆက်လက် တည်ရှိနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်းများကို စစ်အုပ်စုတပ် အသွင်ပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကရင်ပြည် နယ်ခြားစောင့်တပ် (BGF) ၏ ၁၆ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် BGF တပ် ရင်း ၁၀၁၁၊ တပ်ရင်း ၁၀၁၃ နှင့် တပ်ရင်း ၁၀၁၄ တို့ကို စစ်အုပ်စုတပ် အသွင်ပြောင်း ကရင်ပြည် အစိုးရအဖွဲ့က ငွေကျပ် သိန်း ၉၀ ချီးမြှင့် ထောက်ပံ့ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၈ ရက်နေ့က စစ်အုပ်စုတပ် လက်အောက်ခံ ကရင်ပြည် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၃ ရင်းကို တစ်ရင်း လျှင် ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့် ထောက်ပံ့ပေးခဲ့ရာ BGF တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ငွေကြေး ထောက်ပံ့ပေးလိုက်သည့် BGF တပ်ရင်းများမှာ တပ်နယ် ၁ လက်အောက်ခံ လှိုင်းဘွဲမြို့နယ် အခြေစိုက် တပ်ရင်း ၁ ရင်းနှင့် ဖာပွန်မြို့နယ် အခြေစိုက် တပ်ရင်း ၂ ရင်းတို့ ဖြစ်ကြပြီး အဆိုပါ တပ်ရင်း ၃ ရင်းလုံးမှာ BGF ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော် (KNA) သို့ လိုက်ပါ ပြောင်းလဲခြင်း မရှိဘဲ စစ်အုပ်စုတပ် လက်အောက်ခံအဖြစ် ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် ဖာပွန်မြို့နယ် အခြေစိုက် BGF တပ်ရင်းများ ဖြစ်ကြသည့် ၁၀၁၃ တပ်ရင်းနှင့် ၁၀၁၄ တပ်ရင်းတို့သည် စစ်အုပ်စုတပ်က လုပ်ဆောင်နေသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် စစ်ဆင်ရေးအတွင်း စစ်အုပ်စု စစ်ကြောင်း များကို ကူညီလမ်းပြပေးကာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြောင်း BGF နှင့် နီးစပ်သည့် သတင်းရင်းမြစ် များက ပြောသည်။

အဆိုပါ တပ်ရင်းများအနက် BGF ၁၀၁၄ တပ်ရင်းသည် ကရင်ပြည်၊ ဘားအံမြို့နှင့် မွန်ပြည်၊ သထုံမြို့ကို ဆက် သွယ်ထားသည့် သထုံ-မြိုင်ကလေး-ဘားအံ ကားလမ်းပေါ်ရှိ ဝါးပိုးတော စစ်ဆေးရေးဂိတ်၊ ၁၀ မိုင်ကုန်း အနီးရှိ စစ်ဆေးရေးဂိတ်တို့တွင် တပ်စွဲ၍ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များထံမှ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ငွေကြေး အမြောက်အမြား ကောက်ခံလျက်ရှိသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်းများသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ထိုသို့ ပြောင်းလဲဖွဲ့စည်းမှုကို ကျားဖြန့် အရေးနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်ပေါ်နေသည့် BGF ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်စောချစ်သူနှင့် ဗိုလ်မှူးချုပ် စောတင်ဝင်းတို့ ဦးဆောင် ပါဝင်ခဲ့ကြသည်။

ကရင်အမျိုးသား တပ်မတော် (KNA) သို့ BGF တပ်ရင်း အများစု လိုက်ပါ ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း BGF တပ်နယ် ၁ နှင့် ဗိုလ်မှူးကြီး စောမုတ်သုန် ဦးစီးသည့် တပ်နယ် ၄ လက်အောက်ခံ တပ်ရင်းများမှာမူ KNA အဖြစ် မပြောင်းလဲဘဲ စစ်အုပ်စုတပ် လက်အောက်ခံအဖြစ် ဆက်လက် တည်ရှိနေသည်။

ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...