၂၂ နှစ်အတွင်းမိုးဗြဲ ဆည်ရေ အနည်းဆုံးရေ အမှတ်သို့ရောက်ရှိ၊ နွေစပါးအတွက် လျာထားဧကရဲ့ ၄ပုံ ၁ပုံသာ ပေးနိုင်မည်

၂၂ နှစ်အတွင်းမိုးဗြဲ ဆည်ရေ အနည်းဆုံးရေ အမှတ်သို့ရောက်ရှိ၊ နွေစပါးအတွက် လျာထားဧကရဲ့ ၄ပုံ ၁ပုံသာ ပေးနိုင်မည်

နော်ဒွေးအယ်ခူ - ကယားပြည်နယ် အတွင်းက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ လည်ပတ်ဖို့ နဲ့ ဆည်ရေသောက်လယ်တွေ အားထားနေရတဲ့ မိုးဗြဲဆည်ရေလှောင်တမံ ဟာ ၂၂ နှစ်အတွင်း အနည်းဆုံးရေသိုလှောင်ထားနိုင်တဲ့ ရေအမှတ်ကိုရောက်ရှိနေပါတယ်။

ဒါကြောင့် လာမယ့် မတ်လထိ လျှပ်စစ်စက်ရုံပုံမှန်လည်ပတ်နိုင်ဖို့ ရေကိုဦးစားပေးထားရတာကြောင့် ဒီနှစ်မှာ စိုက်ပျိုးနိုင်တဲ့ နွေစပါး စိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို လျော့ချလျာထားတယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်ကပြောပါတယ်။

“ လာမယ့် မိုးဗြဲအနေနဲ့ ရှိတဲ့ရေသည် ၂၂နှစ်အတွင်းမှာက ရေအနည်းဆုံးအခြေအနေရှိတယ် ကန်ရေမပြည့်ဘူး နှစ်တိုင်းနှစ်တိုင်း အခုလိုနွေစပါးစပေးမယ့် အခြေအနေမျိုးမှာ ကန်တွေရေပြည့်နေတာများပါတယ်။ မိုးရာသီမှာရေသိုလှောင်ထားပြီးတော့ ကန်တွေရေပြည့်တယ် အဲဒီရေပြည့်တဲ့ပမာဏနဲ့ ကျတော်တို့ နွေစပါးတွေ လုံလုံလောက်လောက်လျာထားဧကပြည့်မှီအောင် စိုက်နိုင်တယ် လျှပ်စစ်အတွက်ကိုလည်း ပြည့်ပြည့်ဝဝရေပေးနိုင်တယ်။ လက်ရှိအခြေနေမှာတော့ ၂၂နှစ်အတွင်းမှာ အနည်းဆုံးအခြေအနေရှိတဲ့အတွက လာမယ့်ဆောင်းရာသီ နွေရာသီ မေလအထိတောင် လျှပ်စစ်ရေပေးဝေမယ့် ပမာဏနဲ့ စိုက်ပျိုးရေနွေစပါး ပေးဝေမယ့် ပမာဏနှစ်ခုပေါင်းပြီးတော့ ကန်ထဲရှိတဲ့ရေတွေကို ချိန်ဆပြီးတော့ လျာထားဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ မိုးဗြဲပါ” လို့ ဦးဝေလွင်က ပြောပါတယ်။

နှစ်စဉ် မိုးဗြဲဆည်ကနေ နွေစပါးစိုက်ဧက ၃၀၀၀ နီးပါးအတွက် ရေပေးဝေနိုင်ပေမဲ့ ဒီနှစ်မှာတော့ ဧက ၈၀၀ လောက်ကိုပဲ လျာထားတာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ခုနှစ်အတွက် နွေစပါးလျာထားချက်အရ မိုးဗြဲရေလှောင်တမံမှ ဖယ်ခုံမြို့နယ် ရှမ်းပိုင်းက ကျေးရွာပေါင်း (၁၁)ရွာ၊ကွင်း (၈)ကွင်းအတွက် ဧက ၄၀၀ နဲ့ ၊ လွိုင်ကော်မြို့နယ် ကျေးရွာ (၅)ရွာ စိုက်ကွင်း (၄)ကွင်းအတွက် ဧက၄၀၀လျာထားတာပါ။

ဒါ့အပြင် ပြည်နယ်တွင်းက အကြီးဆုံးရေလှောင်တမံ ဖြစ်တဲ့ ငွေတောင်ဆည်ဟာလည်း နှစ်စဉ် နွေစပါး ဧက ၁၆၀၀ ကို ရေပေးနိုင်ပေမဲ့ အခုနှစ်မှာ ဧက ၃၀၀ ကိုပဲ ရေပေးဝေဖို့ လျာထားတယ်လို့ သိရပါတယ်။

မိုးဗြဲရေလှောင်တမံမှ နောက်နှစ် မေလအထိ လျှပ်စစ်သုံးရေကို ချိန်ဆပြီး ရေပေးဝေမှုအတွက် စိုက်ပျိုးမယ့်ဧကကို သက်ဆိုင်ရာဌာကိုတင်ပြထားသလို နွေစပါးစိုက်ပျိုးဖို့အတွက် လာမယ့်ဇန်နဝါရီလအတွင်း ရေပေးဝေမှုဆောင်ရွက်တော့မှာဖြစ်တယ်လို့ ဦးဝေလွင်ကဆက်ပြောပါတယ်။

“စိုက်မယ့်ကွင်းတွေ စိုက်မယ့်ကျေးရွာတွေ စိုက်မယ့် တောင်သူတွေကစ ကြေညာလိုက်တဲ့အတွက် ကျန်တဲ့တောင်သူတွေ ငါတို့အခြားသီးနှံစိုက်မှရတော့မယ်ဆိုတာ သူတို့ သိသွားကြတယ်။ မဟုတ်ရင် ငါတို့ကွင်းမှာစိုက်ရမှာလား ဘယ်ထိရေပေးမှာတုန်း ဘယ်လယ်တွေရေပေးမလဲ ဘယ်တောင်သူတွေစိုက်ရမှာတုန်းဆိုတဲ့ဟာမျိုး မဖြစ်အောင်လို့ အဲဒါတွေကို ကြိုတင်ဆောင်ရွက်ရပါတယ် စီစဉ်ဆောင်ရွက်ပြီးပါပြီ။ စိုက်ရမယ့်တောင်သူတွေ စိုက်ရမယ့်ကွင်းတွေ ရေပေးတဲ့မြောင်းဆိုလို့ရှိရင်လည်း ဘယ်ထိရေပေးမလဲဆိုတဲ့ ဆိုင်းဘုတ်တွေအကုန်လုံးစိုက်ထူပြီးပါပြီ။ ကျတော်တို့အဆင်သင့်ဖြစ်နေပါပြီ” လို့ ဦးဝေလွင်က ပြောပါတယ်။

ကယားပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ထိန်းသိမ်းထားတဲ့ ဆည်မြောင်းရေလှောင်တမံ (၃၂)ခုရှိကာ ရေပေးဝေတဲ့ဧကပေါင်း ၅သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...