အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ ပြည်ပထွက် အလုပ်လုပ်သည့် လူငယ် ၇,၀၀၀ ခန့်ရှိ

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ ပြည်ပထွက် အလုပ်လုပ်သည့် လူငယ် ၇,၀၀၀ ခန့်ရှိ

၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေး ကောင်စီ (IEC) ၏ လူငယ်ရေးရာဌာန ဌာနမှူးကြီး ခွန်းသောမတ်စ်က ပြောသည်။

“အာဏာမသိမ်းခင်က စစ်တမ်းမဟုတ်ပဲ အာဏာသိမ်းပြီးကာလမှာ ကျနော်တို့ အများဆုံး အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံကို လူငယ်ပေါင်း ၆ထောင်ကနေ ၇ထောင် ဝန်းကျင်လောက်က အနီးစပ်ဆုံးနိုင်ငံမှာ သွား ရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတာရှိတယ်ပေါ့လေ။ ကျနော်တို့ ပြောချင်တဲ့ ၇ထောင်ဝန်းကျင်က ထိုင်းနိုင်ငံ အများစုပါတယ်။ တချို့နိုင်ငံကလည်းပါတယ်‌” ဟု ခွန်းသောမတ်စ်က ပြောသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းမှာ အခြေအနေ အမျိုးမျိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် စားဝတ် နေရေး အဆင်ပြေစေရန် သွားရောက် လုပ်ကိုင်သူများပြားကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဒီးမော့ဆိုမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ပြည်ပမှာ အလုပ်လုပ်နေရတဲ့သူ ဘယ်သူမဆို ကိုယ်က မာနတွေခွာချ၊ လုပ်အားခွန်အား အချိန်တွေ ကိုယ့်ရဲ့ လူငယ်ဘဝ အကုန်လုံးပေးဆပ်ရတယ်။ ဒါပေမယ့် မသက်သာတဲ့ အခြေအနေ တရပ်ကြောင့်ပေါ့နော်။ အကုန် လုံးလာပြီး ပေးဆပ်နေကြရတာ။ ဘယ်သူ့မှတော့ ပြည်ပမှာ ပျော်တယ်လို့တော့ မရှိဘူးပေါ့နော်။ ပျော်အောင် နေကြရတယ် အခက်ခဲတွေကြားမှာ အားတင်းထားကြရတယ်” ဟု ပြောသည်။

မိသားစု စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ရကြောင်း အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“စစ်အာဏာသိမ်းပြီး ပြည်တွင်းမှာ ကုန်စျေးနှုန်းမြင့်မားပြီး အလုပ်အကိုင်ရှားပါးတော့ ပြည်ပမှာ အလုပ်သွား လုပ်ကြရပါတယ်။ ပြည်ပမှာ အခက်ခဲမျိုးစုံနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းရတာပေါ့နော်” ဟု ၎င်းက ပြောသည်။

လူငယ်အများစု ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းသည် လက်ရှိအချိန်တွင် ပြည်နယ်အပေါ် သက်ရောက်မှု သိသိသာသာ မရှိနိုင်သေးသော်လည်း လာမည့် နှစ်အနည်းငယ်အတွင်း လူ့အသိုင်းအဝန်းအတွက် ပြန်လည် အကျိုးပြုမည့် လူ့အရင်းအမြစ်များ လျော့နည်းလာမည်ကို စိုးရိမ်ရကြောင်း ခွန်းသောမတ်စ်က ဖြည့်စွက်ပြောဆိုသည်။

ပြည်ပထွက် အလုပ်လုပ်ကိုင်နေသည့် လူငယ် ၇,၀၀၀ ဝန်းကျင်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူများ အများစုဖြစ်ပြီး အမျိုးသား ဦးရေ ပိုမိုများပြားနိုင်ကြောင်း IEC လူငယ်ရေးရာဌာန ဌာနမှူးကြီး၏ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - (ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်အချို့ကို ဩဂုတ်လအတွင်း တွေ့ရစဉ် /Crd)

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...