စစ်ဘေးကြားက စိန်ခေါ်မှုများပြည့်နှက်နေသည့် စစ်ရှောင်အမျိုးသမီးများ၏ ဓမ္မတာနေ့ရက်များ

စစ်ဘေးကြားက စိန်ခေါ်မှုများပြည့်နှက်နေသည့် စစ်ရှောင်အမျိုးသမီးများ၏ ဓမ္မတာနေ့ရက်များ
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး

ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင် လူဦးရေ ၃၀၀ ဝန်းကျင်ခန့် နေထိုင်ကြသည်။

၎င်းတို့သည် ဖရူဆိုမြို့နယ်အတွင်းမှ စစ်အုပ်စုတပ်၏ စစ်ကြောင်းများ၊ ထိတွေ့တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရင်း စစ်ဇုန်နှင့် အလှမ်းဝေးမည်ဟု ယူဆရသည့် နေရာတစ်ခု၌ စုပေါင်း နေထိုင်နေကြခြင်း ဖြစ်သည်။

အိမ်များကို မိုးကာများဖြင့်သာ ဆောက်လုပ်ထားကြပြီး ဘေးပတ်ဝန်းကျင်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေ သည်။ ‘လမ်းရိုင်း’ ဟု ခေါ်သည့် တောလိုက်ရာတွင် အသုံးပြုသော လမ်းကြောင်းကို ပင်မလမ်းမကြီးသဖွယ် ကူးသန်းသွားလာနေကြရသဖြင့် မိုးရာသီတွင် မြေသားလမ်းများမှာ ရွှံ့ဗွက်များအဖြစ် ပြောင်းလဲကာ ရေများ အိုင်ထွန်းနေသည်။

၎င်းတို့ နေထိုင်ရာ စခန်းအတွင်း၌ ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ ပေးဝယ်စားရသည့်အပြင် အမျိုးသမီးများ ၏ တကိုယ်ရည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော လစဉ်သုံးကပ်ခွာ (Pad) တစ်ထုပ်လျှင် ကျပ် ၃,၀၀၀ ပေးဝယ်၍ အသုံးပြုနေကြရသည်။

ကျပ် ၃,၀၀၀ ဆိုသည်မှာ ပုံမှန်ဝင်ငွေရှိသူများအတွက် ပမာဏအနည်းငယ် ဖြစ်နိုင်သော်လည်း ရပ်ကွက်အေ (အမည်လွှဲ) မှ စစ်ရှောင်ပြည်သူများကဲ့သို့ ဝင်ငွေမရှိဘဲ တောထဲတွင် ပုန်းအောင်းနေရသည့် မိသားစုများအတွက် မူ ဟင်းတစ်နပ်စာ လုံလောက်သော ပမာဏ ဖြစ်နေသည်။

ထို့ကြောင့် ရပ်ကွက်အေ (အမည်လွှဲ) တွင် နေထိုင်သည့် အမျိုးသမီးအချို့အတွက် ကျန်းမာရေးအတွက် သုံးစွဲမည့်အစား ထို ၃,၀၀၀ ကျပ်ကို လတ်တလော ဝမ်းရေးအတွက် အသုံးပြုခြင်းက အဓိပ္ပာယ် ပိုရှိနေသည်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသည့် အမျိုးသမီးတစ်ဦး

“ရာသီလာရင် ထဘီ နှစ်ထပ်ဝတ်တယ်။ ထဘီရယ် အောက်က ရှော့ပန်(ဘောင်းဘီတို) ပုံစံမျိုးပေါ့ အားကစား ဘောင်းဘီလို ပုံစံဝတ်တယ်။ အပြင်တွေဘာတွေ သိပ်မသွားတော့ဘူးပေါ့ ရှင်းရှင်းပြောရလို့ရှိရင်။ အိမ်မှာပဲ နေလိုက်တော့တယ်ပေါ့နော့ တချို့ကတော့” ဟု ရပ်ကွက်အေ (အမည်လွှဲ) တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

အမျိုးသမီး သုံးဦးရှိသည့် သာမန်မိသားစုတစ်စုသည် လစဉ်သုံးပစ္စည်း ဝယ်ယူရန်အတွက် တစ်လလျှင် ကျပ် ၉,၀၀၀ သီးသန့် ဖယ်ထားရမည့် အခြေအနေ ရှိနေသည်။

သို့သော်လည်း စစ်ဘေးဒုက္ခ ကြုံတွေ့နေရချိန်၊ ဝင်ငွေရလမ်းများ မရှိချိန် သို့မဟုတ် စားနပ်ရိက္ခာ လိုအပ်နေချိန် များ၌ အမျိုးသမီးများအနေဖြင့် ကျန်းမာရေးအတွက် ငွေကြေး သီးသန့်ဖယ်ထားရန် မဖြစ်နိုင်သကဲ့သို့ အချို့တွင် ဖယ်ထားစရာ ငွေပင် မရှိကြပေ။

အဆိုပါ စစ်ရှောင်စခန်းတွင် ဆေးရုံဆေးခန်း မရှိပါ။ စာသင်ကျောင်း အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိသော မိုးကာ အဆောင်ဖြင့် ပြုလုပ်ထားသည့် စာသင်ကျောင်း တစ်ကျောင်းသာ ရှိသည်။

ထို့ပြင် တစ်ရွာလုံးတွင် မိုးကာတဲလေးထဲ ဖွင့်လှစ်ထားသည့် ဈေးဆိုင်ငယ် နှစ်ဆိုင်သာရှိပြီး ဆိုင်တွင် ရောင်းချ သည့် ကုန်ပစ္စည်းများကို စစ်ရှောင်စခန်းနှင့် မိုင် ၃၀ ကျော် ကွာဝေးသော ဒေသများမှ ကုန်းလမ်း၊ ရေလမ်းများ ဖြတ်သန်းကာ ခက်ခဲစွာ သယ်ယူထားရခြင်း ဖြစ်သည်။

သို့သော်လည်း ရပ်ကွက်အေ (အမည်လွှဲ) သို့ ခက်ခဲစွာ သယ်ဆောင်လာရသည့် ကုန်ပစ္စည်းများအနက် အမျိုးသမီး လစဉ်သုံးပစ္စည်းမှာ ရောင်းအား အနည်းဆုံး ဖြစ်ကြောင်း ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး လစဉ်သုံး (Pad) ကို ၁၉၉၀ ပြည့်လွန်နှစ်များ၊ အထူးသဖြင့် ၁၉၉၅ ခုနှစ်နောက်ပိုင်း စီးပွားရေး ပွင့်လင်းလာပြီး ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းမှု မြင့်တက်လာချိန်မှစ၍ မြို့ကြီးများတွင် စတင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြခြင်း ဖြစ်သည်။

ထိုမတိုင်မီက အမျိုးသမီးများသည် စနစ်တကျ အကွက်ချ ချုပ်လုပ်ထားသည့် အဝတ်ဟောင်းများကို အသုံးပြုခဲ့ ကြသည်။ ယခုလည်း စစ်အုပ်စု၏ အာဏာသိမ်းမှုအောက်တွင် ထိုကဲ့သို့ အဝတ်ဟောင်းများကို တစ်ဖန် ပြန်လည် အသုံးပြုနေကြရပြီ ဖြစ်သည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လေးလတာကာလအတွင်း မြန်မာနိုင်ငံ၌ အခြေခံ စားသောက်ကုန်ဈေးနှုန်း များ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဇွန်လ ထုတ်ပြန်ချက် ကို ကိုးကား၍ RFA သတင်းတွင် ဖော်ပြထားသည်။

ဤသို့ မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကြားတွင် ဝင်ငွေမရှိသော စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး Pad များကို ဦးစားပေး ဝယ်ယူရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်နေသည်။

“ကိုယ်အဆင်ပြေတဲ့ နည်းလမ်းကို ‌ရွေးကြရတာလေးနော့။ အစ်မတို့တောင်မှ ရှင်းရှင်းပြောရင် ဝယ်နိုင်တယ်လို့ ပြောတာတောင်မှ တအားကုန်တာ ညီမလေး။ ဘာလို့ဆို များတဲ့လူလေး။ ဓမ္မတာများတဲ့လူဆိုတော့ တအားကုန် တာပဲလေ” ဟု ရပ်ကွက်အေ (အမည်လွှဲ) မှ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

စစ်တပ် အာဏာသိမ်းချိန်မှစ၍ အမျိုးသမီး လစဉ်သုံးပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့သည့် လူမှုအဖွဲ့ အစည်းများ ရှိခဲ့သော်လည်း ၅ နှစ်ကျော်လာသည့် ပဋိပက္ခ ကာလအတွင်း ထောက်ပံ့ပေးနိုင်သည့် အဖွဲ့အစည်း များ လျှော့နည်းလာသည်။ ထို့ပြင် ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်း စစ်ဘေးရှောင်နေရ သဖြင့် ဝင်ငွေမရှိသူ များပြားလာသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက မိသားစုဝင်များအတွက် ရှိသည့် ငွေကြေးအနက် မှ အိမ်ထောင်စုအတွင်းရှိ အမျိုးသမီးများအတွက် မဖြစ်မနေ ဝယ်ယူပေးထားရကြောင်း ဆိုသည်။

“ရှိတဲ့ပိုက်ဆံနဲ့ ဝယ်ပေးလိုက်တာပေါ့နော်။ ကျနော့်အိမ်ကဆို တူမနှစ်ယောက်၊ မိန်းမ တစ်ယောက် သုံးဖို့လို သေးလို့လေ။ အဲကြောင့်ရှိတဲ့ဟာနဲ့ သူတို့ကို ဝယ်ပေးတာပေါ့နော။ သုံးယောက်ဆို တစ်လ တစ်လ မနည်းဘူး ဗျာ မိန်းကလေးမျိုးက။ ဝယ်တဲ့အတိုင်းပဲ သူတို့သုံးတာပဲ။ နေ့သုံး ညသုံး၊ ဆပ်ပြာတို့ဝယ်ရတာပေါ့။ ဝယ်ပေး ဖူးမှ နေ့သုံး ညသုံးသိရတယ်” ဟု ၎င်းက ပြောသည်။

အာဏာမသိမ်းမီက ကျေးလက်ဒေသ၌ အသုံးများသော ကျပ် ၅၀၀ တန် Blue တံဆိပ် အမျိုးသမီး လစဉ်သုံး တစ်ထုပ်သည် ယခုအခါ ကျပ် ၂,၅၀၀ မှ ကျပ် ၃,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ၊ လောင်စာဆီဈေး နှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်း ထောက်ပြထား သည်။

UNDP နှင့် UN Women တို့၏ ၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းတွင် ဝင်ငွေ လုံးဝမရှိကြဘဲ အဆိုပါနှုန်းထားမှာ အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုမြင့်မားနေသည်။

တဆက်တည်း၌ပင် အမျိုးသမီးများသည် အခကြေးငွေမရသော အိမ်ထောင်ပြုစုစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးကို အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုထမ်းဆောင်နေကြရသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးအချို့

ဤအချက်များသည် လက်ရှိ မြန်မာအမျိုးသမီးများ တကိုယ်ရည် ကျန်းမာရေး စောင့်ရှောက်မှုကို အလေးမပေး နိုင်သည့် အခြေအနေကို ရည်ညွှန်းနေသည်။

ထို့ပြင် ရှေးယခင်ကတည်းက အမျိုးသမီးများ၏ ဝင်ငွေရရှိနိုင်မှုနှင့် စီးပွားရေးလုပ်ငန်းများ၌ ပါဝင်နိုင်မှုအပေါ် ကန့်သတ်ထားသည့် လူမှုစံနှုန်းများနှင့် အခန်းကဏ္ဍ သတ်မှတ်ချက်များသည်လည်း ပဋိပက္ခ ကာလအတွင်း အမျိုးသမီးများ၏ စီးပွားရေး အခွင့်အလမ်းနှင့် ဝင်ငွေရရှိနိုင်မှုအပေါ် သက်ရောက်မှုများ ရှိနေသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးငယ်တစ်ဦးက “ပိုက်ဆံသုံးဖို့ဆိုရင်လည်း အတော်လေး စဥ်းစားရပါတယ်။ ပြန်မရှာနိုင်မှာကြောက်တော့ ကုန်သွားရင် ဒုက္ခရောက်ကုန်မှာလေး။ ဒီကြားထဲ ဓမ္မတာလာ ပြီဆိုရင် မိသားစုကို အားနာရတယ်။ ပိုက်ဆံပိုကုန်လို့လေး” ဟု ပြောသည်။

အဆိုပါ အမြစ်တွယ်နေသည့် လူမှုသတ်မှတ်ချက် စံနှုန်းများနှင့် သဘောထားများသည်လည်း ပဋိပက္ခကာလ၌ အမျိုးသားနှင့် အမျိုးသမီးများအကြား စီးပွားရေး မညီမျှမှုကို ပိုမိုအားဖြည့်ပေးနေကြောင်း UNDP အစီရင်ခံစာ က ထောက်ပြထားသည်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသည့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကမူ ကရင်နီပြည်ရှိ အမျိုးသမီးများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင် အမျိုး သမီး၊ မသန်စွမ်းသူများနှင့် စစ်ဘေးရှောင် အမျိုးသမီးများအတွက် အထောက်အပံ့များအပြင် လစဉ်သုံး Pad များကိုလည်း ထည့်သွင်း ဝေမျှပေးလျက်ရှိသော်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။

ထို့ပြင် အလှူရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှု လျော့နည်းလာခြင်းကြောင့်လည်း စစ်ဘေးရှောင် အမျိုးသမီး များကို ကူညီထောက်ပံ့နိုင်မှု ကန့်သတ်ချက်များ ပိုမိုများပြားလာနေသည်။

“အခုကလေ အမျိုးသမီးလစဉ်သုံး (ကပ်ခွာ)တွေကို ရယ်ဒီမိတ် အထုတ်တွေပေးမယ်ဆိုတာထက် တချို့ဒိုနာ တွေ၊ တချို့အဖွဲ့တွေက ကမ်းလှမ်းလာတဲ့ဟာရှိတယ်။ ပိတ်စတွေနဲ့ ချုပ်ပြီးသုံးတဲ့ဟာမျိုးတွေကို လုပ်ပြီး ဖြန့်ဝေပေးတာတို့ သင်တန်းပေးတာတို့ အဲ့ဒါမျိုးတွေ အဆင်ပြေမလား ဆိုတာကို မိတ်ဆက်တဲ့ဟာမျိုး ရှိတော့ ရှိနေတယ်” ဟု KNWO ၏ ဗဟိုကော်မတီဝင် နော်ဆားလေက ပြောသည်။

စစ်ဘေးရှောင် အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများ သွားရောက် ဝေမျှပေးခဲ့သူ အမျိုးသားတစ်ဦး 

KNWO ဗဟိုကော်မတီဝင် နော်ဆားလေ၏ ပြောကြားချက်အရ Menstrual Poverty ဟုခေါ်သည့် (ဓမ္မတာဆိုင် ရာ ဆင်းရဲနွမ်းပါးမှု) ကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်စည်စီးဆင်းမှု မရှိသည့် နေရာများ၊ တိုက်ပွဲဖြစ် ပွားနေသော ဒေသများရှိ အမျိုးသမီးများ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

(Menstrual Poverty - ဓမ္မတာဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ဆိုသည်မှာ ဓမ္မတာလာစဉ် လိုအပ်သည့် လစဉ်သုံး ပစ္စည်းများ၊ သန့်ရှင်းသော ရေနှင့် အိမ်သာ၊ ကျန်းမာရေး အသိပညာနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ငွေကြေး၊ ပဋိပက္ခ၊ သဘာဝဘေး သို့မဟုတ် လူမှုရေး အတားအဆီးများကြောင့် မရရှိနိုင်ခြင်းကို ဆိုလိုသည်။)

မြန်မာအမျိုးသမီးများသည် ယခင်က လစဉ်သုံး Pad များ မသုံးနိုင်ကြမီ ကာလများက အဝတ်စများကို လျှော်ဖွပ် ၍ ပြန်လည် အသုံးပြုခဲ့ကြသော်လည်း လက်ရှိတွင် ခြင်၊ ယင် ပေါများသော တောတောင်များအတွင်း နေထိုင်ကြ ရပြီး မသန့်ရှင်းသည့် ရေများကို အသုံးပြုနေရသဖြင့် ယခင်နှင့် မတူညီသော ကျန်းမာရေး စိန်ခေါ်မှုများ ကြုံတွေ့ လာနိုင်စရာ ရှိသည်။

ထိုသို့ အဝတ်စများ အသုံးပြုရာတွင် ပတ်ဝန်းကျင် သို့မဟုတ် ရေမသန့်ရှင်းပါက မိန်းမကိုယ် ယားယံခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ အနာဖြစ်ခြင်းအပြင် ဓမ္မတာလာစဉ် အလွန် နာကျင်ကိုက်ခဲသည့် ပြဿနာများ ကြုံတွေ့လာရနိုင်သဖြင့် သတိထားရမည်များကို ကရင်နီပြည်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစိုးရန်နိုင်က အသိပေးထားသည်။

“Pad ကို ဝယ်ဖို့ ငွေကြေးမတတ်နိုင်တာမျိုး၊ ဒါမှမဟုတ် ဝယ်လို့ကို အဆင်မပြေနေတာမျိုး ရှိနေတယ်ဆိုလို့ရှိ ရင်တောင် ကျနော်တို့ အဝတ်စလေးတွေပေါ့နော။ ချည်သားအဝတ်စလေးတွေပဲ ဖြစ်ဖြစ်၊ ပိတ်သားစလေးတွေ ပဲ ဖြစ်ဖြစ် အဝတ်စလေးကို သန့်ရှင်းတဲ့ဟာပေါ့နော၊ သန့်သန့်ရှင်းရှင်း အဝတ်စလေးတွေ သုံးမယ်ဆိုလို့ရှိရင် အဆင်ပြေနိုင်တယ်။ ဒါပေမဲ့လည်း ရာသီသွေးများလို့ရှိရင်တော့လည်း ၄ နာရီခြား၊ ဒါမှမဟုတ်လို့ရှိရင် ၆ နာရီ ခြား တစ်ခါပေါ့နော်၊ တစ်ရက်ကို သုံးလေးခုလောက်တော့ လှဲ‌ပေးရမယ်။ လှဲပေးပြီးသွားလို့ရှိရင်လည်း ဆပ်ပြာ နဲ့ သေချာလျှော်၊ ပြီးသွားလို့ရှိရင် ကောင်းကောင်းလှန်းပေါ့နော၊ ခြောက်သွားတဲ့အထိ လှန်း‌ပေးရမှာပေါ့။”

ဆေးပညာအရ ဓမ္မတာလာချိန်၌ အမျိုးသမီး လစဉ်သုံး Pad ကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဒေါက်တာစိုးရန်နိုင်က ဆိုသည်။

သို့သော်လည်း အမျိုးသမီးများအတွက် ဓမ္မတာလာနေစဉ် ကာလတွင်သာမက ပုံမှန်နေ့ရက်များ၌ပင် တကိုယ် ရည် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ရန် စိန်ခေါ်မှုများ ရှိနေသည်။

တောတွင်း၌ နေထိုင်ရသဖြင့် လှန်းထားသော အဝတ်စပေါ် ပိုးမွှားများ ကပ်တွယ်နိုင်သည့် အန္တရာယ်၊ မသန့်ရှင်း သော ရေ၊ အဝတ်စ သန့်ရှင်းရေး မလုပ်နိုင်သည့် ပြဿနာ၊ မှိုတက်နေသော ဝါးအဝတ်လှမ်းစင်များ၊ ဝါးတဲများမှ ကျလာသည့် အမှုန်အမွှားများ၊ ရေ အလုံအလောက် မရရှိခြင်းနှင့် ဆပ်ပြာမှုန့် ဝယ်ယူရန် မတတ်နိုင်ခြင်း စသည့် ကျန်းမာရေး ခြိမ်းခြောက်မှုများစွာ ရှိနေသည်။

ဤသို့သော ကျန်းမာရေး ခြိမ်းခြောက်မှုများသည် ရပ်ကွက်အေ (အမည်လွှဲ) ကဲ့သို့ လူသူအရောက်နည်းသည့် နေရာများတွင်သာမက ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်း အများစုတွင် ကြုံတွေ့နေရသည့် အထွေထွေ ပြဿနာတစ်ခုလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အကြောင်းပြ၍ စစ်အုပ်စုတပ်က အာဏာသိမ်းလိုက်သည့် အကျိုးဆက်ကြောင့် မပြီးဆုံးနိုင်သော ပဋိပက္ခများနှင့်အတူ ပေါ်ပေါက်လာသည့် လူမှုစီးပွား မညီမျှမှုများကြားတွင် အမျိုးသမီးများ သည် ၎င်းတို့၏ တကိုယ်ရည် ကျန်းမာရေးကို စန့်ပစ်ထားရဆဲ ဖြစ်သည်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...