လူမျိုးအမည်မှန်ရရှိရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီပြော

လူမျိုးအမည်မှန်ရရှိရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီပြော

၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အနာဂတ်တွင် လူမျိုးအမည်မှန်ဖြင့် ရပ်တည်နိုင်ရေးအတွက်ဖြစ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးအောင်အောင်က ပြောသည်။

လူမျိုးအမည်နှင့်ပတ်သက်၍ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကိစ္စများနှင့် ပတ်သက်၍ ထုတ်ပြန်ရာ၌ တစ်ကြိမ် နှင့် ယခုနှစ်အစောပိုင်းက နိုင်ငံတော်အဆင့် ပြဌာန်းလိုက်သည့် သတ္တမတန်း ပထဝီဝင်ဖတ်စာအုပ်တွင် တစ်ကြိမ်  လူမျိုးအမည်အား ဖော်ပြရာတွင်  “ခမွီး” ဟု မှားယွင်းစွာအသုံးပြုထားသည်။

ထိုသို့အသုံးပြုခြင်းကို လက်မခံနိုင်ကြောင်း နှင့် လူမျိုးကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက် နိုင်သည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း မရှိသည့်အတွက်ဟု မှတ်ယူကာ မိမိလူမျိုးနေရာရရေးကို ကြိုးပမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကိုယ့်လူမျိုးနာမည်ကို မှန်မှန်ကန်ကန်နဲ့ ရပ်တည်နိုင်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အပြည့်ပါ။ အရင်ကနေပြီးတော့ ခမီလို့ ပြောတာကို “ခမွီး”ဆိုပြီး ခေါ်ကြတော့ ပြည်သူတွေရဲ့ ရင်ထဲမှာကော ကိုယ့်ရင်ထဲမှာပါ မခံချိ၊ မခံနိုင်ဖြစ်ရတယ်။ အော်... မသိကြလို့လား မသိဘူးဆိုပြီးတော့ ထိန်းထားရတယ်။ ၂၀၁၀ မှာ ပြိုင်တုန်းကလည်း မှန်မှန်ကန်ကန်။ (၂၀)၁၅ ကလည်း မှန်မှန်ကန် ကန်ပဲ။ အခု ၂၀၂၀ ကျတော့ ကော်မရှင်ရုံးက ကိုယ်တိုင် “ခမွီး” ဆိုတဲ့ အသုံးအနှုန်းကို သုံးလာတယ်။”ဟု ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးအောင်အောင်က ပြောသည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် တစ်နေရာ၊ မြောက်ဦးမြို့နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်နေရာနှင့် ဘူးသီးတောင် မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

၎င်း မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ရခြင်းသည် ၎င်းလူမျိုး အများအပြားနေထိုင် လျှက်ရှိ ခြင်းကြောင့်ဖြစ်ပြီး ခမီလူမျိုးအများစုနေထိုင်သည့် ကျောက်တော်မဲဆန္ဒနယ်သည် ပါတီအတွက်မျှော်လင့်ချက် ထားရှိရမည် မဲဆန္ဒနယ်ဖြစ်ကြောင်း ဦးအောင်အောင်က ပြောသည်။

 “အဓိက အောင်နိုင်ရေးမျှော်လင့်ချက်တစ်ခုတော့ ရှိတယ်။ ကျောက်တော်မြို့နယ်မှာဆိုရင် ကျနော်တို့ ခမီလူမျိုးတွေ အားလုံးကို တစုတစည်းတည်း ပေါင်းလိုက်ရင် ကျောက်တော်နယ်မှာ အောင်နိုင်တဲ့အနေအထားရှိတယ်။ ကျန်တဲ့နေရာမှာတော့ မျှော်လင့်ချက်မရှိဘူး။ ရပ်ရွာတွေက တစ်နေရာနဲ့ တစ်နေရာဝေးတယ်။ တစ်စုတစည်းတည်း မရှိဘူး။” ဦးအောင်အောင်က ပြောသည်။

ခမီအမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် ပါတီအနေဖြင့် စစ်ရေးပဋိမက္ခတင်းမာနေခြင်း၊ကိုဗစ်ရောဂါကြောင့် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံး ရေးလုပ်ခွင့်ပိတ်ပင်ထားခြင်းများကြောင့်  မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိ သေးကြောင်း လည်း ၎င်းကဆိုသည်။

လက်ရှိ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် ရခိုင်ပါတီများ ဖြစ်သည့် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှလည်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ခမီလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်တရားဝင်သတ်မှတ်ခြင်းခံထားရပြီး လက်ရှိတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူဦးရေတစ်သိန်းကျော် ဖြန့်ကျက်နေထိုင်လျှက်ရှိကြောင်း ဗဟိုကော်မတီဝင်ဦးအောင်အောင်က ဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...