တိုက်ပွဲများ ခေတ္တငြိမ်နေသည့် စစ်တွေနှင့် ကျောက်ဖြူကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်

တိုက်ပွဲများ ခေတ္တငြိမ်နေသည့် စစ်တွေနှင့် ကျောက်ဖြူကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)

ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်တပ်က အာရက္ခတပ်တော် (AA) ရှိရာ နေရာများဘက်သို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေ သည်။

စစ်တပ် အထိုင်ချထားသည့် တပ်စခန်း၊ ကာကင်းစခန်း၊ ရွှေမင်းဂံ ရေတပ်စခန်း၊ ဒေသဆိုင်ရာကွပ်ကဲမှု စစ်ဌာန ချုပ် (ဒကစ) စသည့် စစ်တပ်တပ်ရင်းများမှ AA ထိန်းချုပ်သည့် နေရာများကို ကင်းထောက်ဒရုန်းဖြင့် စကြည့် ကာ အသေခံဒရုန်းများ၊ လက်နက်ကြီးကျည်များဖြင့် တစ်ဖက်သတ် ပစ်ခတ်လျက်ရှိသည်ဟု စစ်ရေး သတင်း ရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“AA ကတော့ လက်ရှိအချိန်မှာ တိုက်ခိုက်တာတွေ သိပ်လုပ်တာတွေ မတွေ့ရဘူး။ အေးဆေး နားနေတဲ့ အနေအထားပါပဲ။ စစ်တပ်က စစ်တွေမြို့နယ်ထဲမှာ ဘယ်မှာ AA ရှိတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ မြေပြင်ကို ထိုးစစ်မဆင်ရဲဘူး။ အဝေးကနေပဲ ဒရုန်းတွေနဲ့ ကင်းထောက်တယ်။ ပြီးရင် အသေခံဒရုန်းတွေ လွှတ်တိုက်ပြီး တိုက်ခိုက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွှေမင်းဂံ ရေတပ်စခန်းက လက်နက်ကြီးပစ်တယ်။ ဒရုန်းနဲ့ပစ်တယ်။ တခြားတပ်ရင်းတွေကလည်း ပစ်တာတွေ တွေ့ရပါတယ်” ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်အုပ်စုဘက်က မြေပြင်ထိုးစစ်၌ အကျအဆုံးများသောကြောင့် ဇူလိုင်လလယ်ပိုင်းမှစကာ ယခု ဩဂုတ် ၁၁ ရက်နေ့ထိ ထိုးစစ်ဆင် တိုက်ခိုက်မှုမရှိကြောင်း စစ်ရေးသတင်း ရင်းမြစ် တစ်ဦးက ပြောသည်။

ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်က “ကျောက်ဖြူမှာ ပြီးခဲ့တဲ့လကတည်းက မြေပြင်တိုက်ပွဲ မရှိဘူး။ စစ်အုပ်စုဘက်က အဝတောင်ကနေ ထပ်ပြီး ထိုးစစ်မတက်လာဘူး။ ထိုးစစ်ဆင်ရင် အသေများတယ်လေ။ အဲဒါကြောင့် ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်” ဟု ပြောသည်။

ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့် AA ထိန်းချုပ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်လျက်ရှိသော်လည်း ထိရောက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာ ကြာလာတော့ နှစ်ဖက်စလုံးက သူ့အခြေအနေ၊ ကိုယ့်အခြေအနေ သိလာတာပေါ့။ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲမရှိပေမဲ့ စောင့်ကြည့်မှုတွေရှိတယ်။ အမှားမခံဘူးပေါ့။ AA ကလည်း သိလာတာပေါ့။ လေ ယာဉ်လာရင် ဘယ်လိုရှောင်ရမယ်။ ဒရုန်းက ဘယ်လိုလာတတ်တယ်။ ကြာလာတော့လည်း အတွေ့အကြုံ များ လာတော့ လေယာဉ်ကလည်း တိုက်ပွဲတွေမှာ အသံကျယ်သလောက် ထိရောက်မှု သိပ်မရှိတော့ဘူး။ ဒါကြောင့် အလစ်အငိုက် ဗုံးကြဲတာမျိုးကို စစ်တပ်ဘက်က လုပ်လာတာမျိုး တွေ့ရပါတယ်။”

လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း နှစ်ဖက်စစ်ရေး ပြင်ဆင်မှုများရှိနေပြီး နောက်ဖြစ်လာမည့် တိုက်ပွဲများအတွက် အင်အားဖြည့်တင်းမှုများ ရှိနေကြောင်း ပြောဆိုသည်။

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...