အရပ်ဘက် ပညာရှင်များ မပါ၀င်၍ ရွှေသဘာဝစီမံကိန်း၏ EIA ရလဒ်အပေါ် ယုံကြည်မှုနည်းပါးဟုဆို

အရပ်ဘက် ပညာရှင်များ မပါ၀င်၍ ရွှေသဘာဝစီမံကိန်း၏ EIA ရလဒ်အပေါ် ယုံကြည်မှုနည်းပါးဟုဆို
by -
နိရဥ္စရာ
ရွှေစီမံကိန်း၏ အနာဂါတ်ဖွံ့ဖြိုးမှုဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း တွေ့ဆုံဆွေးနွေးကို ကျောက်ဖြူတွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်
ရွှေစီမံကိန်း၏ အနာဂါတ်ဖွံ့ဖြိုးမှုဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း တွေ့ဆုံဆွေးနွေးကို ကျောက်ဖြူတွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်
ရခိုင်ကမ်းရိုးတန်းတွင် တူးဖော်နေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ( Environmental Impact Assessment-EIA) ကို လုပ်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အရပ်ဘက် ပညာရှင်များ မပါ၀င်၍ ယုံကြည်မှုနည်းပါးကြောင်း ကျောက်ဖြူ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများမှ ဝေဖန်ပြောဆိုလိုက်သည်။

ရွှေစီမံကိန်း၏ အနာဂါတ်ဖွံ့ဖြိုးမှုဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း တွေ့ဆုံဆွေးနွေးပွဲ ကို မတ်လ(၉)ရက်နေ့က ကျောက်ဖြူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ရာတွင် ထိုသို့ အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အခု ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း EIA ကို ပြုလုပ်တဲ့ နေရာမှာ ကုမ္ပဏီနဲ့ အစိုးရ တာဝန်ရှိသူတွေသာ ပါ၀င်တယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် ကျွမ်းကျင်သူတွေ မပါ၀င်ဘူး။ အဲဒီတော့ ထွက်လာတဲ့ EIA ရလဒ်အပေါ် လူတွေက မယုံကြည်ကြဘူး။ ဒါကြောင့် ဒီ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ပတ်သက်ပြီး EIA လုပ်တဲ့ နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အရပ်ဘက်ကိုယ်စားပြု ကျွမ်းကျင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပါ၀င်ဖို့ လိုပါတယ်” ဟု ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ကိုထွန်းကြည်က ပြောကြားသည်။

၎င်းပြင် ကိုထွန်းကြည်က ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် ထိခိုက်မှုအများအပြားရှိခဲ့ပြီး လက်ရှိတွင်လည်း မြေယာပျက်စီးမှုနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးဖို့ ပျက်ကွက်နေကြောင်း ဝေဖန် ပြောကြားခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်အရာရှိ ဦးဇေယျာမိုးက “ ပျက်စီးခဲ့တာရှိရင် ဘယ်သူပိုင်တယ်။ ဘယ်လောက်ပျက်စီးတယ်။ ဘယ်မြေအမျိုးအစားလဲဆိုတာကို ဓာတ်ပုံအပါအဝင် စာတင်ပါ။ ဖြေရှင်းပေးမယ်” ဟု ဦးထွန်းကြည်၏ တင်ပြမှု အပေါ် တုန့်ပြန် ပြောဆိုခဲ့သည်။

POSCO-DAEWOO Corporation မှ ဘာဝဓာတ်ငွေ့စီမံကိန်း နောက်အဆင့်ဖြစ်သော ရခိုင်ကမ်းလွန် ရွှေဖြူသဘာဝ ဓာတ်ငွေ့ လုပ်ကွက်အမှတ် (A1) နှင့် မြသဘာဝဓာတ်ငွေ့မြေလုပ်ကွက်အမှတ် (A3)ကို တိုးချဲ့ရန် ပြင်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါလုပ်ကွက်များ တိုးချဲ့မှု မစတင်ခင် ပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်း (၂၀၁၅) အရ နိုင်ငံတော်မှ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိရေးတွင် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများအားလုံးကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA)အား ဆောင်ရွက်ရမည်ဖြစ်သည်။

POSCO-DAEWOO Corporation မှ အဆိုပါလုပ်ငန်းတွင် ကမ်းလွန်ရေနံလုပ်ကွွက်အတွင်း တွင်းတူးစင်ထိုင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက် လိုအပ်သည့်ပစ္စည်းများ၊ ပိုက်လိုင်းများ တပ်ဆင်ခြင်းနှင့် ရေနံတွင်းတူးခြင်း တို့ပါ၀င်ကြောင်းသိရသည်။

ERM Myanmar Company Limited မှ ဒေါ်မြတ်မွန်ဆွေက “ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း နောက်အဆင့်ကို အကောင်အထည်ဖော်တဲ့ အခါ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA)ကို ERM Myanmar Company Limmited မှ ပြုလုပ်မှာ ဖြစ်ပါတယ်။ စူးစမ်းလေ့လာတာကို အဆောက် အဦအသစ်များ တည်ရှိတဲ့ ရေတိမ်ပိုင်းပတ်ဝန်းကျင်ကို အဓိကထား လေ့လာသွားမှာ ဖြစ်ပါတယ်” ဟု အစည်းအဝေးတွင်ရှင်းပြခဲ့သည်။

EIA ကို ဆောင်ရွက်ရာတွင် ရေအရည်အသွေး၊ နုံးအနည်အနှစ် လက္ခဏာများ၊ အဏ္ဏဝါ ရေအောက် ကြမ်းပြင်နေ သတ္တဝါများ (Marine Benthos)ကို ဆန်းစစ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စူစမ်းလေ့လာခြင်းအား အဆင့်(၁)မှ ရရှိသော အချက်အလက်များမှ ဆက်လက် စဉ်းစားသုံးသပ်သွားရန် ကိုက်ညီသည့် အထူးသဖြင့် ရေနက်ပိုင်းပတ်ဝန်းကျင်နှင့် ပတ်သက်သည့်အချက်အလက်များကို ထပ်မံ ဖြည့်စွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ တည်ရှိပြီး အဆောက်အဦများအား လုံခြံုဘေးကင်းစေရန် ရှောင်ကွင်းလေ့လာသွားမည်ဖြစ်ကြောင်း ဒေါ်မြတ်မွန်ဆွေက ပြောကြားသည်။

POSCO-DAEWOO Corporation မှ ဦးမင်းကျော်သူ က လက်ရှိအချိန်တွင် စီမံကိန်းအဆင့်(၁)၏ ရွှေလုပ်ကွက် နှင့်မြ လုပ်ကွက် (မြောက်)မှ တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း (၅၆၀) ထုတ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံကို ကုဗပေသန်း(၄၀၀)ရောင်းချကာ ပြည်တွင်းတွင် (၁၆၀) သုံးစွဲနေကြောင်း လူမှုရေးအရ ပူးပေါင်းတာဝန်ယူခြင်း CSR- Corporate Social Responsibility လည်းလုပ်ပေးနေကြောင်း ပြောကြားသည်။

၎င်းပြင် ဦးမင်းကျော်သူက ‘‘ ၂၀၁၃ခုနှစ်မှာ သဘာဝဓာတ်ငွေ့စတင်ထုတ်ပါတယ်။ CSR အနေနဲ့ ကျောင်၊ ဆေးခန်း၊ ဆေးရုံ၊ လမ်းတွေလုပ်ပေးနေတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၁.၂)သန်း အသုံးပြုပြီး လုပ်နေပါတယ် ’’ ဟု သူကပြောသည်။

ထိုစီမံကိန်းတွင် အစုရှယ်ယာအဖြစ် POSCO-DAEWOO Corporation မှ ၅၁ ရာခိုင်နုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နုန်း၊ အိန္ဒိယ ONGC Caspian E&P B.V ၊ အိန္ဒိယ GAIL India Corporationနှင့် ကိုးရီးယား Korea Gas Corporation တို့မှ ၃၄ရာခိုင်နုန်းပါ၀င်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ပြည်နယ်နှစ်ခုနှင့် တိုင်းနှစ်ခုကို ဖြတ်သန်းသွားပြီး ကျောက်ဖြူမှ တရုတ်နိုင်ငံထိ ရ၉၃ကီလိုမီတာ ရှည်လျားကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...