ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခုမှ ဆက်လက် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဟေဟိန်းကုမ္ပဏီက လူ ၅ ယောက် လောက် ကျောင်းကို ရောက်လာတယ်။ ကျောက်မီးသွေးတူးဖို့အတွက်ခွင့်တောင်းတယ်။ ဆရာတော်တို့ အနေနဲ့ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်ထားတာတွေပြန်ရုပ်သိမ်းပေးဖို့လာပြောသွားတယ် ” ဟု ဟဲဆိုင် ကျောင်းတိုက်မှ ဆရာတော် က သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ ဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ ထံ မကြာခဏ လာရောက် စည်းရုံးခဲ့သော်လည်း တစုံတဦးမှ လက်မခံသဖြင့် ဆရာတော်ထံ လာရောက်ခွင့်တောင်းခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေး တူးဖော်မှု နှင့် ပတ်သက်ပြီး ဆရာတော် က “ဆရာတော်တို့ ဒေသခံတို့ အားလုံး ကန့်ကွက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝ ပတ်ဝန်းကျင်တွေ ထိခိုက်လာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်” ဟု ဆက်လက်မိန့်ကြားသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် အဆိုပါ ကုမ္မဏီ၏ လူများနှင့်ဆက်သွယ်မှုရရှိရန် သျှမ်းသံတော်ဆင့်မှ ကြိုးစားနေဆဲဖြစ်ပါသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ လတွင်လည်း လဲချားမြို့နယ် နောင်ယာဆိုးင်ကျေးရွာအတွင်း ကျောက်မီးသွေး တူးဖော်ရန် ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန မှလည်း ဒေသခံများ နှင့် တွေ့ဆုံခဲ့သေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးမည့် ကိစ္စ ကို လွန်ခဲ့သည့် ၄လ ခန့် က မြို့နယ် သံဃာများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်ထားကြောင်း လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သံဃာတော်တွေ ပြည်သူတွေက သဘောတူညီမှု မပေးရင် ကျနော်တို့လည်း ပြည်သူတွေဘက်ကပဲ ရပ်တည်သွားမှာပါ” ဟု စိုင်းကျော်ဇယျ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်ရန် အတွက် (၅၀၀၀) ဧကဝန်ကျင်းခန့်လျားထားပြီး၊ တူးဖော်မှုရရှိရန်အတွက် သံဃာတော်များ၊ ဒေသခံများကို သက်ဆိုင်ရာကုမ္ပဏီ က စည်းရုံးနေခြင်းဖြစ်သည်။

လက်ရှိမှာ လဲချားမြို့နယ် နမ့်လင်းကျေးရွာတွင် လွိုင်ဂျယ်နဂါး ကုမ္ပဏီမှ ၂၀၁၆ ခုနစ်မှ ၂၀၂၀ ခုနစ် အထိ ၁၀နှစ် သက်တမ်း ကျောက်မီးသွေး တူးဖော်ခွင့်ရရှိထားသည်။

ထို နမ့်လင်းကျေးရွာ အနီး ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံများ၏ စိုက်ပျိုးရေးအတွက် ရေများခမ်းခြောက်ခြင်း၊ လယ်ယာမြေများ ထိခိုက်ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ်အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းများ ရပ်ဆိုင်းရန် လွန်ခဲ့သည့် ၂၀၁၈ ခုနစ် စက်တင်ဘာတွင် ဒေသခံ (၇၀၀) ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အစိုးရတပ်မတော်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၊ တပ်မဟာ ၇၅၈ ဝမ်ပန်ပြည်သူ့စစ် နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) တို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...
April 8, 2024
နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID ခေါ် စမတ်ကတ် ပါရှိမှသာ...