ဘိန်းဈေးကျပြီး ကော်ဖီဈေးတက်၍ တောင်ကြီးတွင် ကော်ဖီအစားထိုး စိုက်ပျိုးလာ

ဘိန်းဈေးကျပြီး ကော်ဖီဈေးတက်၍ တောင်ကြီးတွင် ကော်ဖီအစားထိုး စိုက်ပျိုးလာ

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိမ်းဈေးနှုန်း ကျဆင်းလာ မှုကြောင့် ၎င်းအစား ကော်ဖီကို အစားထိုးစိုက်ပျိုးလာကြသည်။

ထိုသို့ ကော်ဖီပင် စိုက်ပျိုးသူ များပြားလာသော်လည်း အချို့သောနေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိတော့သဖြင့် သီးနှံစိုက်ပျိုးနိုင်သူ နည်းပါးလာကြောင်း ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ဘိန်းက ဈေးမရဘူး။ မူးယစ်ဆေးပြားတွေတောင် တစ်ပြားမှ ကျပ် ၅၀၀ ပဲရှိတာ၊ ကုန်ကြမ်းဆို ပိုပြီးဈေးမရ ဘူး။ အဲဒါကြောင့် ကော်ဖီစိုက်ပျိုးလာကြတယ်။ လူငယ်တွေက နိုင်ငံခြားထွက်တော့ ပြည်တွင်းမှာ သက်ကြီး ရွယ်အိုပဲ ကျန်တော့ ဘိန်းလည်း မစိုက်နိုင်တော့ဘူး။ နှစ်ရှည်ပင် ပိုစိုက်ကြတာ။ တချို့ဆို မစိုက်နိုင်တော့လို့ သားသမီးကပို့တဲ့ငွေနဲ့ပဲ သုံးကြရတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်က စစ်မှုထမ်းကြေးနှင့် အခြားသော အခွန်အခများကို လစဉ် ကောက်ခံ နေသဖြင့် အခြေခံလူတန်းစားများမှာ ကြွေးမြီများ တင်ရှိနေကြောင်း ၎င်းအမျိုးသားက ဆက်လက်ပြောသည်။

အလားတူ ပင်လောင်းမြို့နယ်ဘက်တွင်လည်း ဘိန်းများကို အခွန်ဆောင်၍ စိုက်ပျိုးသူများ ရှိနေသော်လည်း အများစုမှာ ကော်ဖီနှင့် နှစ်ရှည်သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးလာကြသည်။

ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက “ဒီဘက်တော့ ဘိန်းစိုက်မယ်ဆိုရင် ဧကအလိုက် အခွန်ဆောင်ရတယ်။ တစ်နှစ်လုံးစာ ကျပ် ၆ သိန်းကနေ ၁၀ သိန်းအထိ ဧကပေါ်မူတည်ပြီး ဆောင်ရတယ်။ ဘိန်းဈေးက သိပ်မရဘူး။ တစ်နှစ်လုံးလုပ်မှ သိန်း ၃၀ လောက်ပဲ ကျန်တာဆိုတော့ လုပ်တဲ့သူ နည်းလာတယ်။ ဘိန်းပွဲစားတွေပဲ ချမ်းသာ ကြတာ၊ ဘိန်းစိုက်တဲ့သူက မချမ်းသာဘူး” ဟု ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးသီးနှံများ ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်နေကြကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။

တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ဘက်တွင်လည်း ဘိန်းစိုက်ပျိုးမှု လျော့နည်းလာပြီး နှစ်ရှည်သီးနှံများဖြစ် သည့် ကော်ဖီ၊ ထောပတ်နှင့် သနပ်ဖက် စိုက်ပျိုးသူများ ပိုမိုများပြားလာသည်။

ယခင်နှစ်များက ကော်ဖီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစ၍ ကော်ဖီဈေးနှုန်းများ ပြန်လည်မြင့်တက်လာကာ တစ်ပိဿာလျှင် ငွေကျပ် ၁၂,၀၀၀ အထိ ရရှိနေသော ကြောင့် တောင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးမှုကို ပိုမိုရွေးချယ်လာကြခြင်း ဖြစ်သည်။

August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...