သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် အခြေစိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ တပ်ဆုတ် ခွာတော့မည်ဟူသော သတင်းများ ဒေသတွင်း ထွက်ပေါ်နေသည်။
ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက်၌ တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင်များသည် သိန္နီ - လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အား အလုံးအရင်း ဖြင့် ရွှေ့ပြောင်းလှုပ်ရှားခဲ့ကြပြီးနောက်၊ ယခုကဲ့သို့ တပ်ဆုတ်ခွာမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သိန္နီဒေသခံ အမျိုးသားတစ်ဦးက “၁၀ ရက်နေ့က ကိုးကန့်စစ်သားတွေ သေနတ်ပြင်ပြီး စယ်အူ စာသင်ကျောင်း မှာ သွားစုကြတာ။ အဲ့ဒါပြီးတော့ သိန္နီမြို့ပေါ်ကနေ MNDAA တဖြည်းဖြည်း တပ်ဆုတ်သွားမယ်၊ ပြီးရင် စစ်တပ် ပြန်ဝင်လာမယ်လို့ သတင်းထွက်လာတာ။ တချို့ကလည်း လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ကျကွဲပြီးတော့ သိန္နီက ရုံးတွေထဲမှာ မနေရဲလို့ မြို့ပြင်ဘက် ခနရှောင်နေတယ် ပြောတယ်” ဟု ပြောသည်။
MNDAA ဘက်မှ သိန္နီမြို့နယ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် ထိုသို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သော်လည်း၊ ၎င်းနောက်ပိုင်းတွင် မူလအတိုင်း မြို့ပေါ်နေရာများ၌ ပြန်လည်နေရာယူ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ဇူလိုင်လ ဒုတိယပတ်အတွင်း၌လည်း သိန္နီဒေသခံများကို အစည်းအဝေးခေါ်ယူကာ MNDAA ဘက်မှ နှစ်ဝက်လုပ်ငန်းရှင်းတမ်းများကို ပြောကြားခဲ့ပြီး၊ သိန္နီမြို့ကို ထိန်းချုပ်ထားသည့် MNDAA က အုပ်ချုပ်ရေး လုပ်ငန်းများကို ပြည်သူထံ ပြန်လည်လွှဲအပ်ကာ ၎င်းတို့က
နောက်ကွယ်မှ စီမံခန့်ခွဲမည်ဟု ဒေသခံများကို စည်းရုံးပြောဆိုထားသည်။
“ကိုးကန့်စစ်သားကတော့ တပ်မဆုတ်ဘူးလို့ ပြောတာပေါ့၊ မြို့ပေါ်က အုပ်ချုပ်ရေးလုပ်ငန်းကို ပြည်သူဆီ လွှဲပေးပြီး သူတို့က အနောက်က ကူညီထောက်ပံ့ပေးမယ်လို့ ပြောတယ်။ မြို့ပေါ်က ရပ်ကွက်ရုံးတွေကို ပြည်သူ တွေဆီ အပ်ပေးပြီး အုပ်ချုပ်ရေး ပြန်လည်ပတ်ခိုင်းမယ်။ အရင်နေ့ကတောင် အစည်းအဝေး ခေါ်ပြီး နှစ်ဝက် ရှင်းတမ်း လုပ်သေးတယ်။ နောက်နှစ်ဝက်လည်း ဘာဆက်လုပ်မယ် ပြောသေးတယ်” ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦး ဆက်လက်ပြောဆိုသည်။
သိန္နီမြို့သည် ‘၁၀၂၇ စစ်ဆင်ရေး’ ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး၊ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များကို မူလ ၄ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ ပြောင်းလဲသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိသည်။
လားရှိုးမြို့နေ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ပစ်ခံရတာနဲ့ သိန္နီက ကိုးကန့် တပ်ဆုတ်မယ်လို့ သတင်းထွက်တာကလည်း အဲ့နယ်မြေကို ဘယ်သူ ထိန်းချုပ်ထားလဲဆိုတာ ပြချင်တာပဲ။ တရုတ်ကတော့ ဘယ်နည်းနဲ့ရရ စီးပွားရေး ပြန်စလို့ရအောင် လုပ်လာမယ်လို့ မြင်တယ်၊ အဓိကတော့ စစ်တပ် က တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေကို ပြန်လိုချင်နေတာ” ဟု သုံးသပ်သည်။
လက်ရှိ သိန္နီမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ MNDAA လက်အောက်ရှိ အထူးဒေသ (၁) ရေပေးဝေရေး နှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီမှ လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဖြူးပေးနေပြီး၊ ယင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုးကန့်သတင်း ကွန်ရက်က ထုတ်ပြန်ထားသည်။







