သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းသို့ ကရင်နီပြည်နယ်ဘက်မှ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်တပ်က နေရပ်ပြန်ရန် အတင်းအဓမ္မ ဖိအားပေးနေပြီး၊ မပြန်ပါက နေအိမ်နှင့် မြေကွက်များကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် စစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ကရင်နီပြည်မှ စစ်ဘေးရှောင် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။
အဆိုပါ မိုးဗြဲ၊ ဖယ်ခုံနှင့် ဒီမော့ဆိုဘက်ခြမ်းမှ စစ်ဘေးရှောင်များသည် လက်ရှိတွင် တောင်ကြီးမြို့နယ်အတွင်း လာရောက်ခိုလှုံနေကြရသည်။
၎င်းစစ်ဘေးရှောင်များကို စစ်တပ်က နေရပ်ပြန်လာရန် ဖိအားပေးနေပြီး၊ နေရပ်မပြန်ပါက နေအိမ်နှင့် ခြံဝင်းများ ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေသောကြောင့် မြေသိမ်းခံရမည်ကို စိုးရိမ်ပြီး နေရပ်ပြန် နေရသူများရှိကြောင်း တောင်ကြီးရောက် စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “နေရပ်ပြန်လာကြဖို့ အတင်းဖိအားပေးတယ်၊ ပြန်သွားရင်လည်း လုံခြုံ ရေးက သူတို့မှ တာဝန်မယူပေးနိုင်တာ အိမ်တွေလည်း မရှိတော့ဘူး။ ပြန်သွားရင်လည်း ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာပဲ နေခိုင်းတယ်၊ အိမ်ခြံမြေတွေ သိမ်းမှာ ကြောက်လို့သာ ပြန်ကြတာ အဆင်မပြေဘူး” ဟု ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်ရန် မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရသော်လည်း စစ်တပ်က ဦးဆောင်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း မရှိသောကြောင့် အချို့သော စစ်ဘေးရှောင်များမှာ နေရပ် မပြန်ရဲသေးကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
တောင်ကြီးမြို့နယ်တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များသည် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် အိမ်ငှားခ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း အသက် ၅၀ အရွယ်ရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အလုပ်ကလည်း ကြုံရာကျပန်းလုပ်ရတယ်၊ လုပ်ခက မြို့ပေါ်လူတွေရဲ့ တစ်ဝက်ပဲ ရတယ်။ တစ်ခြားသူ နှစ်သောင်းကျပ်ဆို ကျနော်တို့ စစ်ရှောင်ကိုဆို တစ်သောင်းကျပ်ပဲ ပေးတယ်။ အိမ်မပြန်ရတာ လေးနှစ်ရှိပြီ ပြန်ချင်တာပေါ့ ပြန်လို့ အဆင်မပြေသေးလို့ နေရတာ။ အိမ်ငှားခက အနည်းဆုံး ငါးသိန်းကျပ်ရှိတယ်။ စားဖို့ နေဖို့ ရုန်းကန်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်တပ်က စစ်ဘေးရှောင်များကို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်းသည် လူသားဒိုင်းအဖြစ် အသုံးပြုလိုခြင်း ဖြစ်နိုင်သလို၊ တစ်ဖက်တွင်လည်း ၎င်းတို့နယ်မြေ အေးချမ်းတည်ငြိမ်နေသည်ဟူသော ပုံရိပ်ကို ဖော်ပြလိုခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များက သုံးသပ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း စစ်တပ်က လွိုင်ကော်မြို့နှင့် ဘော်လခဲမြို့တို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးခဲ့သဖြင့် စစ်ဘေးရှောင်အချို့ နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။







