ဆာကိုဗိုင်းရပ်စ်ကြောင့် နှစ်လအတွင်း ဝက်ကောင်ရေ (၂၀၀) နီးပါးသေဆုံး

ဆာကိုဗိုင်းရပ်စ်ကြောင့် နှစ်လအတွင်း ဝက်ကောင်ရေ (၂၀၀) နီးပါးသေဆုံး
Porcine Circovirus Type-2 (PCV-2)
Porcine Circovirus Type-2 (PCV-2)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ အိမ်မွေးဝက်များတွင် Porcine Circovirus Type-2 (PCV-2) ဟုခေါ်သည့် ဝက်အားနည်းရောဂါကြောင့် နှစ်လအတွင်း ဝက်ကောင်ရေ (၁၈၇) ကောင်သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ထပ်မံသေဆုံးလျက်ရှိနေသေးကြောင်း သိရသည်။

ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး  ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေးက “ဝက်တွေ သေဆုံးတာ ဒီမနက်အထိဆိုရင် (၁၉၈) ကောင်ရှိပြီ၊ ထိရောက်တဲ့ကုသဆေးက မရှိသေးဘူး၊ ဝက်နည်းနည်းသက်သာအောင် ကုတဲ့ဆေး၊ အပူကျဆေးပေါ့နော်၊ ကုသဆေးက ထန်တလန်မြို့မှာပဲမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံးမှာလဲ မရှိသေးဘူး၊ ကျွန်တော်တို့က ဆေးတော့ ထိုးပေးတာပေါ့၊ ကုတော့ ကုသပေးတယ်၊ ဒါပေမယ့် ထိရောက်မှုသိပ်မရှိဘူးပေါ့၊ ကျွန်တော်တို့က ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုပဲ ဦးစားပေးလုပ်နိုင်ပါတယ်” ဟုပြောသည်။

ထန်တလန်မြို့ပေါ်တွင် ဧပြီလပထမပတ်မှစပြီး ဝက်များ သေဆုံးနေသောကြောင့်  သေဆုံးရသည့် အကြောင်းအရင်းသိနိုင်ရန် လိုအပ်သည့်နမူနာများကို မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းသို့ တင်ပို့စစ်ဆေးခဲ့ရာတွင် ဝက်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် Porcine Circovirus Type- 2 (PCV-2) (ခေါ်) ဝက်အားနည်းရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု  မေလ (၁၈) ရက်နေ့တွင် အတည်ပြုသိရှိရသည်။

လက်ရှိအချိန်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းအနေနှင့်  ထန်တလန်မြို့ပေါ်တွင် ဝက်အဝင်/အထွက်များကို ပိတ်ထားကာ ဝက်ပိုင်ရှင်များကိုလည်း ဝက်ခြံများ သန့်သန့်ရှင်းရှင်းထားရန်၊ ဝက်ခြံအောက်တွင် ရေမဝပ်စေရန်၊ ဝက်ချေးများကို မနက်တိုင်းဖယ်ရှားရန်၊ ပိုးသတ်ဆေးမဖျန်းနိုင်လျင် ထုံးဖြူးပေးရန် အစရှိသည်တို့အပါအဝင် အသိပညာပေးအစီအစဉ်များ၊  လက်ကမ်းစာစောင်များ ဝေငှခဲ့ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အသိပညာပေးခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာလျန်ဘွေးက “ကျွန်တော်တို့ ကာကွယ်ကုသရေးဖက်က လက်ကမ်းစာစောင်တွေဖြန့်ပေးတယ်၊ ဝက်ရှိတဲ့အိမ်တွေ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေ၊ ဈေးတန်းတွေ၊ မြို့မဈေး၊ လူအများကြီး ရှိတဲ့နေရာတွေမှာ အသိပညာပေးသလို ပညာပေးပိုစတာတွေလည်း ကပ်တယ်” ဟု ဆက်ပြောသည်။ ၎င်းဝက်အားနည်းရောဂါကို ကုသရန်အတွက် ထိရောက်သော ဆေးဝါးမရှိသေးသောကြောင့် ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုသာ အဓိက ဦးစားပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...
June 15, 2026
တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့...
June 13, 2026
ချင်းပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းတောင်ပိုင်း...