မင်းတပ်ကို နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်း ပြုလုပ်

မင်းတပ်ကို နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်း ပြုလုပ်

ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နှင့် မြို့အရှေ ခြမ်းနေရာများကို ယခု ဇွန်လ နှစ်ပတ်တာအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မေလလယ်မှ စတင်၍ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က အင်အား ၂၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေရာ ဇွန်လ ၁၅ ရက်တာအတွင်း မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၇၀ ထက်မနည်း အသုံးပြုခဲ့ကြောင်း ဒေသခံတချို့နှင့် ခိုနူမ်းသုန်က မှတ်သားထားသော စာရင်းအရ သိရသည်။ 

မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်ရာတွင် တချို့နေ့ရက်များမှာ ဂျက်ဖိုက်တာ ၂ စီး၊ ၃ စီးဖြင့် ဗုံးကြဲမှု အများအပြား ပြုလုပ်သကဲ့သို့ Y – 12 လေယာဉ် အသုံးပြု၍လည်း ဗုံးများအတွဲလိုက်ဖြင့် ကြဲချတိုက်ခိုက်သည်ကို လေ့လာတွေ့ရှိရသည်။ 

“လေကြောင်း ဗုံးကြဲမှုတွေက မင်းတပ်မြို့ပေါ်ကိုလည်း ကြဲပါတယ်။ မြို့ရဲ့အရှေ့ခြမ်းဘက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာကိုလည်း ကြဲတယ်။ တိုက်နယ် ၁၄ အတွင်းက ကျေးရွာတစ်ရွာကိုလည်း ဇွန်လ ၁၄ ရက်က လေကြောင်းက တိုက်ခိုက်သွားတာ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်လို့ ကြားရတယ်။ ဒီနေ့လည်း မင်းတပ်ကို ဗုံးကြဲသွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတချို့ထံမှ သိရသည်။ 

ဇွန်လ ၁၅ ရက် မနက် ၄ နာရီခန့်ကလည်း မင်းတပ်မြို့နယ်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ ဗုံး ၆လုံး ကြဲချသွားကြောင်း သိရသည်။ 

ယမန်နေ့ ဇွန်လ ၁၄ ရက်မနက်ပိုင်းကလည်း  မင်းတပ်မြို့အနီးနှင့် မြို့ အရှေ့ခြမ်းနေရာများကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၀ လုံးခန့် အသုံးပြုခဲ့ကြောင်း သိရသည်။ 

ဇွန်လ ၁၃ ရက်ကလည်း မင်းတပ်မြို့အနီးနှင့် မြို့အရှေ့ဘက်ခြမ်းနေရာများ၊ တိုက်နယ် ၁၄ ထဲရှိ ကျေးရွာတစ်ရွာတို့ကို မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်တပ်သည် ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊  တိုက်နယ် ၁၄ ထဲက ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် နေအိမ် ၆ လုံးခန့် ပျက်စီးကြောင်း ချင်းတောင်ပိုင်း ဒေသခံတချို့ထံမှ သိရသည်။ 

မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ရေးနေရာများသာမက မြို့ပေါ်နှင့် ကျေးရွာတချို့တွင် နေအိမ်များ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှု များပြားကြောင်း၊ အရေအတွက် အတိအကျကို မသိရှိသေးကြောင်း  ဒေသခံတချို့နှင့် စစ်ရေးလေ့လာ စောင့်ကြည်သူများထံမှ သိရသည်။ 

မကွေး၊ယောဒေသ၊ ဆောနှင့် ကျောက်ထုမြို့များမှတဆင့် အာဏာသိမ်းစစ်တပ်သည် မေလ ၁၈ ရက်မှစတင်၍ ကန်ပက်လက်ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး မေလ ၃၀ ရက်တွင် မင်းတပ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ချင်းတောင်ပိုင်းခုခံတွန်းလှန်စစ်သည် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်းနေသည်ဟု သိရသည်။ 

မင်းတပ်မြို့သို့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်များထဲက တစ်စုတစ်စုသည် မင်းတပ်မြို့ပြင်အနီးသို တပ်ဖြန့်ရောက်ရှိ သော်လည်း ပင်မစစ်ကြောင်းသည် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း၊ မင်းတပ်မြို့မှာလည်း လေကြောင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ များပြားကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ 

“မင်းတပ်မြို့ကို စစ်ကြောင်းသုံးကြောင်းနှင့် ထိုးနေတယ်။ အရှေ့က ရှေ့ပြေးတပ်၊ တပ်စုတစ်ခုက အင်အား ၃၀ ပေါ့နော်။ အကဲကြည့်အနေအထားမျိုးပေါ့နော်။ သူတို့က မြို့ပြင်အနေအထားလောက်မှာ ရောက်နေတယ်။ ဒါပေမယ့် အဲဒီသတင်း ဆက်တွေက အခု၊၊ စစ်တပ်ဘက်ကလည်း သတင်းအစအန မထုတ်သလို၊ ချင်းတော်လှန်ရေး ဘက်ကနေလည်း အခြေအနေကို သေသေချာချာ မသိရဘူး။ အဲတော့ နှစ်ဖက်စလုံးက ဒီ့အတိုင်း စစ်ဆိုင်ထားပြီးမှ စစ်ရေး တင်းမားနေတဲ့ အနေအထားမျိုးပဲ။ နောက်တချက်က မင်းတပ်မြို့က လေကြောင်းတိုက်ခိုက်မှု ဒဏ်ကြောင့် တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ ပြောရမယ်ဆိုရင် တချို့နေရာတွေမှာ ချင်းတောင်မှာ ခံစစ်ကြောင်း ပြိုသလောက်နီးပါး ဖြစ်နေပြီးလို့ မှန်းဆရတယ်။ ကန်ပက်လက်ဘက်မှာလည်း စစ်တပ်က တိုက်စစ်ကို ပြန်ဆင်လာတဲ့ အနေအထားမျိုး ရှိတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ယောဒေသ၊ ဆောနှင့်ကျောက်ထုမြို့တို့တွင် အာဏာသိမ်းစစ်တပ်သည် လေကြောင်းနှင့် စစ်ယာဉ်တန်းများဖြင့် စစ်အင်အားနှင့် ခဲယမ်းရိက္ခာများ ဖြည့်တင်းနေကြောင်း သိရသည်။ 

လက်ရှိတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာများ ရရှိထာသော စစ်ကောင်စီတပ်သားများကိုလည်း ကျောက်ထုတွင် လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်မှုတချို့ ပြုလုပ်နေကြောင်း ယောအလင်းတန်းနှင့် ဒေသခံတချို့ထံမှ သိရသည်။ 

မင်းတပ်၊ ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အားထောင်ချီဖြင့် တစ်မိုင်ကျော်ခန့် ဖြန့်ကျက်၊ ဝိုင်းပတ်၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း CPU/ CPA အထွေထွေအတွင်းရေးမှူး ကိုယောမာန်ထံမှ သိရသည်။ 

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များနှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည်  အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ ၎င်းတို့သည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရပြီး ကလေးငယ်၊ သက်ကြီးရွယ်အိုအပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Most read this week

June 15, 2026
တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့...
June 13, 2026
ချင်းပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းတောင်ပိုင်း...
June 12, 2026
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF – Zophei ဌာနချုပ်နှင့် အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က...
June 11, 2026
အာဏာသိမ်းစစ်တပ်၏ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်ခံနေရသော မင်းတပ်မြို့ခုခံကာကွယ်စစ်အတွက် ရပ်နီး၊...