အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တီးတိန်မြို့နယ် သွီထန်းကျေးရွာက လူငယ်တစ်ဦးကို ဖမ်းဆီးကာ သေဒဏ်စီရင်လိုက်သည်ဟု သိရသည်။
ZRA-EC ၏ National Worker တစ်ဦးဖြစ်သည့် ဦးပေါင်ငိုက်မန်သည် ဇွန်လ ၉ ရက်နေ့က တုန်းဇံကျေးရွာမှ ဆွောင်းဇန် ရွာရှိ ၎င်း၏ နေအိမ်သို့ပြန်လာစဉ် လမ်းခရီးမှာ အရိုက်ခံရ၍ သေဆုံးခဲ့သည်ဟုသိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ZRA-EC က စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရာမှာ သွီထန်းရွာမှ ဦးကျင်ဇာခုပ်၏ သားဖြစ်သူ ကပ်လျန်မန်ကို ဆက်နွယ်မှူရှိသည်ဟု ဆိုကာ ဖမ်းဆီးရကာ အပြင်းထန်ဆုံးပြစ်ဒဏ် သေဒဏ်ပေးလိုက်သည် ဟု ဇွန်လ ၁၄ ရက်နေ့က ဇိုမီးတော်လှန်ရေးတပ်မတော်-အရှေ့ပိုင်းစစ်ဌာနချုပ် (ZRA-EC) က ထုတ်ပြန်ကြေညာသည်။
ယခုသေဒဏ်စီစဉ်မှုနှင့်ပတ်သက်၍ ZRA-EC အဖွဲ့ဝင် Joshua Zomi ဆိုသူက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။
"ယခုဖြစ်စဉ်မှာ ဒေလီကပြန်လာပြီး ZNA ထဲဝင်တာ နှစ်ပတ်ပဲရှိသေးတဲ့ ကပ်လျန်မန် @ Helper ကို အမြင့်ဆုံးပြစ်ဒဏ် (သေဒဏ်) ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ဆက်နွယ်သူတွေကိုလည်း အမြစ်ပြတ်တဲ့အထိ ဆက်လက်အရေးယူ သွားမှာပါ။ ဒါ့အပြင် ယခင်က သောမတ်စ် (Thomas) ဆိုသူက ဦးပေါင်ငိုက်မန်အား သတ်ဖြတ်ရန် တခြားလူတစ်ချို့ကို စေခိုင်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြတဲ့ အထောက်အထားတွေ ရှိထားပါတယ်။ ယခုဖြစ်စဉ်ဟာ ဇိုဂမ်ကာကွယ်ရေးတပ် (ZRA-EC) နဲ့ ဒေသတွင်း ဂိုဏ်းစတား/ဓားပြအသွင် ဆောင်နေတဲ့ ZNA တို့အကြား ဖြစ်ပွားတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် ပြည်သူတွေနဲ့ မိသားစုဝင်တွေအနေနဲ့ အွန်လိုင်းပေါ်မှာ ကောလာဟလတွေ လျှောက်ပြီး ဖြန့်ဝေခြင်းမပြုကြဖို့ တောင်းဆိုချင်ပါတယ်။" ဟု Joshua Zomi က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားသည်။
ဦးပေါင်ငိုက်မန် သေဆုံးမှုသည် Zomi National Army (ZNA) တပ်ဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ZRA-EC က စွပ်စွဲထားပြီး ပါဝင်ပတ်သက်သူအားလုံးကိုလည်း ဆက်လက်အရေးယူသွားမည်ဟု ၎င်းတို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ZRA-EC အနေဖြင့် ဇိုမီးဒေသတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တည်းသာ ရှိရမည်ဟူသော မူဝါဒအတိုင်း ရှေ့ဆက် ဆောင် ရွက်နေသည်ဟုလည်း ဆိုသည်။
သို့သော်လည်း စွပ်စွဲခံရသည့် Zomi National Army (ZNA) ဘက်ကမူ အဆိုပါလုပ်ကြံမှုသည် မိမိတို့အဖွဲ့အစည်းနှင့် အဖွဲ့ဝင်များ၏ လက်ချက်လုံးဝမဟုတ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်ကာ ငြင်းဆိုထားသည်။
ZNA ၏ ထုတ်ပြန်ချက်အရ ၎င်းတို့အဖွဲ့အနေဖြင့် ဖြစ်ပွားသည့်နေ့တွင် စစ်ရေးလှုပ်ရှားမှုများ ရပ်နားကာ စခန်း၌ အနားယူ နေသည့်နေ့ဖြစ်ကြောင်း၊ ကွယ်လွန်သူ ဦး ပေါင်ငိုက်မန်သည် ZRA-EC ကို အစဉ်တစိုက် အားပေးထောက်ခံသူဖြစ်သော် လည်း ZNA မဖွဲ့စည်းမီကတည်းက အတူစားအတူသွားခဲ့သည့် မိမိတို့၏ မိတ်ဆွေကောင်းတစ်ဦးဖြစ်သဖြင့် အခုလိုလုပ်ရန် စိတ်ကူးပင်မရှိခဲ့ကြောင်း ပြန်လည်ရှင်းလင်းထားသည်။
ZNA တပ်ဖွဲ့သည် ZRA-EC ခေါင်းဆောင်ပိုင်း၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားမရသည့်အတွက် ဇိုဂမ်ဒေသကာ ကွယ်ရေးအတွက်ဟုဆိုကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကမှ ခွဲထွက်တည်ထောင်ခဲ့သည့် တီးတိန်ခရိုင်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ZRA-EC တပ်ဖွဲ့သည် အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းကာ ချင်းပြည်မြောက်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ထားသည့် တွန်းဇံမြို့ကို မေလ ၁၉ ရက်နေ့က သိမ်းပိုက်ခဲ့သည်။







