ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)သိန်းဝန်းကျင် ဓားပြတိုက်ခံလိုက်ရသည့်အမှုမှာ ဇွန်လ(၉)ရက်နေ့အထိ တရားခံမပေါ်သေးကြောင်း မြဝတီမြို့ခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီတွင် ထိုနေ့ နေ့လယ် (၁)နာရီ ဝန်းကျင်အချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းတွင်ဖွင့်လှစ်ထားသော ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်တစ်ဆိုင်သို့ ငွေထုတ်လိုသူအသွင်ယူ ဝင်ရောက်လာပြီး လက်နက်ပြ ငွေလုယူသွားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူအား ဆိုင်ပိုင်ရှင်ဘက်က သက်ဆိုင်ရာနှင့်ချိတ်ဆက် အရေးယူနိုင်ရန်ကြိုးပမ်းနေသော်လည်း ယနေ့ထက်ထိ ဖမ်းမမိသေးကြောင်း နီးစပ်သည့်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပိုက်ဆံလာထုတ်ချင်ယောင်ဆောင်ပြီး ဆိုင်ကို သေနတ်ထုတ် ဓားပြတိုက်သွားတာ။ ဆိုင်ပိုင်ရှင်ဖက်ကလည်း အဖွဲ့အစည်းထဲကပဲ။ သူတို့လည်း တရားခံကို ဆက်လိုက်နေတယ်ကြားတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။
အဆိုပါလက်နက်ကိုင်ဆောင်ဓားပြတိုက်မှုအတွင်း ထိုင်းဘတ်ငွေ(၆၅)သိန်းဝန်းကျင် (မြန်မာကျပ်ငွေဖြင့် သိန်းပေါင်း(၈,၀၀၀)ကျော်) ဆုံးရှုံးသွားကြောင်းလည်း မြို့ခံသတင်းအရင်းအမြစ်တချို့မှသိရသည်။
နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီသည် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့်အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုအောက်တွင်ရှိသလို ကရင်လက်နက်ကိုင်အဖွဲ့များ နှစ်ကာလရှည်ကြာ ထိန်းချုပ်လှုပ်ရှားသောနယ်မြေလည်း ဖြစ်သည်။
ထို့အတူ စစ်အုပ်စုသည် လက်နက်ကိုင်များကိုထိန်းချုပ်ရန် ပြီးခဲ့သည့် ဧပြီက အချက်(၈)ချက်ပါ ညွှန်ကြားချက်ထုတ်၍ မည်သည့်လက်နက်ကိုင်မျှခွင့်ပြုချက်မရှိဘဲ မြဝတီမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်းမလုပ်ရ အမိန့်ထုတ်ထားခြင်း ရှိနေသည်။
ဇွန်လ(၇)ရက်နေ့က ဓားပြမှုနှင့်ပတ်သက်၍မူ ကရင်နယ်ခြားစောင့်တပ်-BGF လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူထံ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ပြီး အသေးစိတ်မသိရသေးဟု ဆိုသည်။
ဒေသခံလူထုပြောပြချက်အရ မြဝတီတွင်လက်နက်ကိုင်ဆောင်မှုနှင့်ပတ်သက်၍ တားမြစ်ချက်တချို့ရှိသော်လည်း ပုံမှန်အတိုင်းလည်ပတ်နေမြဲဖြစ်သလို အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်း၊ လောင်းကစားလုပ်ငန်းများ ဆက်လက်ရှိနေ၍ ခိုး၊ ဆိုး၊ လုယက်မှုနှင့် မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများဖြင့် တရားဥပဒေစိုးမိုးမှုလျော့ရဲနေကြောင်းလည်း သိရသည်။







