မင်းတပ်မြို့ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် ထပ်မံတိုက်ခိုက်

မင်းတပ်မြို့ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် ထပ်မံတိုက်ခိုက်

ချင်းပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။ 

ဇွန်လ ၁၂ ရက်၊ နံနက် ၆ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်၏ မကွေးလေတပ်မှ တိုက်လေယာဉ်တစ်းစီးက ပေါင် ၅၀၀ ဗုံး၊ ဗုံး ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်သွားဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ် တချို့ထံမှ သိရသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်က နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှု အရေအတွက်နှင့် ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိ စသည့် အသေးစိတ်အခြေအနေများကို လတ်တလောမှာ မသိရှိရသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောသည်။ 

တိုက်ပွဲများ ဖြစ်ပွားနေသော မင်းတပ်မြို့နယ်အတွင်းကို စစ်တပ်သည် ဂျက်ဖိုက်တာများ၊ Y – 12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြင်းပြင်းထန်ထန် ပြုလုပ်နေသကဲ့သို့ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။ 

ဇွန်လ ၁၁ ရက်ကလည်း စစ်တပ် အမြောက်တပ် ၃၆၈ တပ်ရင်းအခြေစိုက် ကျောက်ထုမြို့လေဆိပ်သို့ Y – 8 ထောက်ပို့လေယာဉ် တစ်စီးဆင်းခဲ့ပြီး စစ်တပ်မှ ဒဏ်ရာရ တပ်ဖွဲ့ဝင် ၄၀ ကျော်ကို ပြန်ခေါ်ဆောင်သွားသကဲ့သို့ ခဲယမ်းရိက္ခာများလည်း ဖြည့်တင်းသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

မေလလယ်မှစတင်၍ ချင်းတောင်ပိုင်းမြို့များသို့ ထိုးစစ်ဆင်လာနေသော စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ် ထိုးစစ်ကို ခုခံဟန့်တားထားနိုင်ကြောင်း သိရသည်။

ချင်းတောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အားထောင်ချီဖြင့် တစ်မိုင်ကျော်ခန့် ဖြန့်ကျက်၊ ဝိုင်းပတ်၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များသည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကို ထပ်မံ ရင်ဆိုင်နေရပြီး ကလေးငယ်၊ သက်ကြီးရွယ်အိုအပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဓါတ်ပုံ - HKL Mindat (မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ် အဆောက်အဦတချို့)

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...