ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲမှု ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေပြီး နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း သိရသည်။
ဇွန်လ ၈ ရက် မနက်ပိုင်းမှာပင် မင်းတပ်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မီနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။
ယင်းအချိန်မှာပင် Y- 12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများကို ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲနှင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်အထိ အသုံးပြုကြောင်း မင်းတပ်မြို့ဒေသခံ ကိုဟာကလေးထံမှ သိရသည်။
ဇွန်လ ၈ ရက် မနက် ၇ နာရီခွဲခန့်ကလည်း မင်းတပ်မြို့အရှေ့ခြမ်း တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးမှ ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်၊ နံနက် ၁ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်မှာလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။
လေကြောင်းဗုံးကြဲခံမှုကြောင့် ဒေသခံပြည်သူအပါအဝင် မင်းတပ်မြို့ ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိနိုင်ရန် မေးမြန်းနေဆဲဖြစ်သော်လည်း အဆက်အသွယ်မရသေးပါ။
ဇွန်လ ၆ ရက်နေ့တွင်လည်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်တပ်က အင်အားအလုံးအရင်း ၂၀၀၀ ကျော်ဖြင့် လေကြောင်း ပစ်ကူအများအပြား အသုံးပြု၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ ကန်ပက်လက်နှင့် မင်းတပ်မြို့များကို ထိုးစစ်ဆင်တိုက်ခိုက်လာရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် မေလလယ်မှ စတင်၍ ယနေ့အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းများကို ချင်းပူးပေါင်းတပ်များက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ပြီး အခြေအနေမကောင်းသော စစ်တပ်က ဂျက်ဖိုက်တာ၊ Y- 12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နေသည်ဟု CPU/ CPA ထံမှ သိရသည်။
မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းမြို့များမှ ဒေသခံပြည်သူ ထောင်ချီသည် လက်ရှိမှာ စစ်တပ်၏ ဖြတ်လေးဖြတ်ကို ထပ်မံ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ချင်းတောင်ပိုင်း အင်အားစုတချို့ထံမှ သိရသည်။
ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုကို ခုခံကာကွယ်ရန် ချင်းပြည်သူများ ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန်နှင့် ပြည်သူများ လေကြောင်းရန် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပြုနေထိုင်ရန် ချင်းအင်အားစုများက သတိပေးနှိုးဆော်ထားသည်။
ဓါတ်ပုံ - HKL Mindat







