ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အရေးအတွက် ဖွဲ့စည်းထားသည့် ပူးပေါင်းနယ်နိမိတ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးများအတွက် အရပ်ဘက်အဖွဲ့အစည်းများမှ သုံးဖွဲ့သာဖိတ်ကြားခဲ့ပြီး ချင်းအရပ်ဘက်အဖွဲ့အစည်းမှ တစ်ဖွဲ့သာပါဝင်ကြောင်းသိရသည်။
“CSO အနေနဲ့သူတို့ဖိတ်ထားတာက သုံးဖွဲ့ဘဲရှိတယ်၊ အဲဒီထဲမှာ ချင်းတစ်ဖွဲ့ပါတယ်၊ ပါတီဘက်ကိုဖိတ်ထားတာတော့ တော်တော်စုံပါတယ်၊ ချင်းလူငယ်အဖွဲ့တွေနဲ့ တစ်ခြား ချင်းလူမှုအဖွဲ့အစည်းတွေကို လုံးဝမဖိတ်ဘူး၊ အဲဒီအပေါ်မှာတော့ စိတ်မကောင်းဘူး၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်နိမိတ်အရေးကို အရင်ကရှိခဲ့တဲ့သမိုင်းအတိုင်း ပြန်လုပ်ကြပါလို့ တောင်းဆိုခဲ့တာက ကျနော်တို့လူငယ်တွေ၊ အခုကဟာက နောက်ဆက်တွဲ အစိုးရကနေ တိုက်ရိုက်လုပ်လာတာတွေ့တယ်၊ ဒါပေမယ့် ကျနော်တို့ကိုမဖိတ်ဘူး၊ ဘာကြောင့်မဖိတ်တာလဲဆိုတာ ကျနော်မသိပေမယ့် တစ်ခုရှိတာက ပြီးခဲ့တဲ့နှစ် နယ်နိမိတ်ကိစ္စ ထုတ်ပြန်ကြေငြာချက်လုပ်တာကြောင့် ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးက တော်တော်စိတ်ဆိုးခဲ့တယ်လို့တော့သိရတယ်”ဟု ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့မှ ကို Kim Tuang ကပြောသည်။
အဆိုပါရှင်းလင်းပွဲမှာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်နိမိတ်ရှိ ယခင်ကတည်းက တည်ရှိခဲ့သည့် နယ်နိမိတ်မှတ်တိုင်းများ ပြန်လည်စိုက်ထူရေးအတွက် ဖွဲ့စည်းထားသည့် ပူးပေါင်းနယ်နိမိတ်မျဉ်း အတည်ပြုရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ဒေသခံပြည်သူများထံ နေရာ ၄ နေရာခွဲကာ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းလင်းပွဲတက်ရောက်ရန် ဖိတ်ခေါ်ခံရသည့် အရပ်ဘက်အဖွဲ့အစည်းများမှာ ချင်းတွင်းကွန်ယက်၊ ချင်းစာပေ/ယဉ်ကျေးမှုအဖွဲ့နှင့် မြို့ပြလူငယ်မြှင့်တင်ရေးအဖွဲ့တို့ဖြစ်ပြီး ကလေးမြို့နယ်ရှိ နိုင်ငံရေးပါတီ ၉ခုကိုလည်းဖိတ်ကြားခဲ့ကြောင်းသိရသည်။
ပူးပေါင်းနယ်နိမိတ်မျဉ်း အတည်ပြုရေးအဖွဲ့၏ ဒေသခံပြည်သူများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ကလေးမြို့ရှိ မြို့တော်ခန်းမတွင် အောက်တိုဘာလ ၈ရက်နေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။







