ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့၏ စစ်ပွဲကြောင့် ပိတ်ထားရသည့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း ကျောင်းဆရာ/ဆရာမ သုံးရာကျော် လိုအပ်နေသေးကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းကပြောသည်။
ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းက “နိုင်ငံတော်က လုပ်အားပေးအနေနဲ့ ဆရာ/ဆရာမ ၃၆၀ဦး ခန့်ပေးတော့ ကျောင်းအားလုံးဖွင့်နိုင်တဲ့ အဆင့်တော့ ရောက်သွားပြီ။ ပိတ်ထားတဲ့ ကျောင်းတော့မရှိတော့ဘူး။ လောလောဆယ် အခက်အခဲတော့ သင်ကြားပေးမယ့် ဆရာဆရာမ အင်အားမလောက်ဘူး။ သုံးရာကျော်ကျော်လောက်တော့ လိုနေသေးတယ် တချို့ကျောင်းဆိုရင် တစ်ကျောင်းမှာ ဆရာမတစ်ယောက်ထဲနဲ့လည်း သင်ပေးနေရတယ်။ တချို့ရွာတွေဆိုရင် အငှားနဲ့သင်ကြတယ် အဆင်ပြေသလိုလုပ်နေကြရတယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် နိုင်ငံတော်မှ ခန့်အပ်ပေးသော ဆရာ/ဆရာမ များမှာ ကိုးတန်းအောင်၊ ဆယ်တန်းအောင်နှင့် ဘွဲ့ရများဖြစ်ကြပြီး သင်ကြားရေးပိုင်းတွင် အတွေ့ကြုံမရှိကြသေး ခြင်းကြောင့် ဆရာ/ဆရာမ မလုံလောက်မှုအပြင် သင်ကြားရေးပိုင်းတွင် အားနည်းမှုများရှိကြောင်း ပညာရေးမှူးဦးမျိုးမင်းကပြောသည်။
သူကဆက်ပြီး “သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေကလည်း သင်ကြားပေးတဲ့အပိုင်းမှာ အတွေ့ကြုံမရှိကြသေးတော့ အခက်အခဲတွေရှိတယ်။ လောလောဆယ် အောက်တိုဘာကျောင်းပိတ်ရက်မှာလည်း ငါးရက်သင်တန်းတွေ ခေါ်ထားတယ်။ နွေရာသီကျောင်းပိတ်မှာလည်း တစ်လသင်တန်း အဲလိုနဲ့ လုပ်သွားဖို့ရှိတယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် မူလတန်းပြ၊ အလယ်တနု်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမများကို ခန့်အပ်ပေးရန် ပြည်နယ်အစိုးရကိုလည်း တင်ပြထားပြီး ပြည်နယ်အစိုးရမှ ရုံးချုပ်သို့လည်း တင်ပြထားကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်အကြား ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိ ကျောင်းပေါင်း တစ်ရာကျော်ကို ပိတ်လိုက်ရသော်လည်း လက်ရှိတွင် ကျောင်းများပြန်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းသိရသည်။







