ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်က ပြန်လွှတ်ပေးဟုဆို

ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်က ပြန်လွှတ်ပေးဟုဆို

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့မှ ဘင်္ဂလားဒေရှ်နယ်စပ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကင်းတလင်းရွာသားများကို ဇူလိုင်လ (၃၁) ရက်နေ့က ပြန်လွှတ်တော်ပေးလိုက်သည်ဟု အေအေတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အေအေတပ်ဖွဲ့အနေနှင့် ကင်းတလင်းရွာသားများကို လုံခြုံစိတ်ချရသည့်နေရာတစ်ခုတွင် နေရာချပေးကာ ညီရင်းအကိုဆွေမျိူးစိတ်ဓာတ်ဖြင့် (၅) ကျော်ကြာ ဖေးမကူညီထောက်ပံ့ခဲ့ကြောင်း၊ ယခုအခါ မိုးတွင်းကာလတွင် ၎င်းတို့နေထိုင်ရေး အခက်အခဲရှိ၍ နဂိုမူလကျေးရွာသို့ပြန်လည်နေထိုင်လိုကြောင်းတင်ပြတောင်းဆိုလာသည့်အတွက် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၉) နာရီက အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာအပ်နှံခဲ့သည်ဟု အေအေတပ်ဖွဲ့၏ ထုတ်ပြန်ချ က်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း စက်ပိတ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာသား ၅၂ ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရွာသား ၁၂ ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့က အေအေ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး အေအေတပ်စခန်း၌ ကင်းတလင်းရွာသား ၃၉ ဦးကျန်ရှိနေသေးသည်။ တစ်ဦးမှာ အေအေတပ်စခန်းတွင် သေဆုံးခဲ့သည်။

အဆိုပါထွက်ပြေးလွတ်မြောက်လာသူ များ၏ ပြောဆိုချက်အရ ၎င်းတို့ကို အေအေတပ်ဖွဲ့က နယ်စပ်ဘက်သို့ အတင်းအဓမ္မဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

သို့သော်လည်း ယင်းကိစ္စကိုမူ အေအေတပ်ဖွဲ့က ငြင်းဆိုထားပြီး မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားသည့်တိုက်ပွဲအကြား ပိတ်မိနေသည့်အတွက် နယ်စပ်ဘက်သို့ကယ်ထုတ်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ပလက်၀ စစ်ဘေးရှောင်ပြည်သူများ အများစုနေထိုင်ကြသည့် မီးဇာကျေးရွာမှ ဒေသခံတစ်ဦးက ကင်းတလင်းရွာသားများကို အေအေတပ်ဖွဲ့မှ အုန်းသီးဝကျေးရွာသို့ ပြန်လည်ပို့ဆောင်သည့်သတင်းကို ကြားသိရကြောင်း၊ လူဦးရေ မည်မျှ ပြန်လည်အပ်နှံသည်ကိုမူ မသိရသေးကြောင်း ခိုနူမ်းသုန်ကိုပြောသည်။

“အုန်းသီးဝကျေးရွာက မီးဇာကနေ တစ်ရက်ခရီးလောက်ရှိတယ်၊ အဲဒီမှာ သူတို့ (ကင်းတလင်းရွာသား) ကို အေအေ မနေ့က ပြန်ပို့တယ်ဆိုတာ ကျနော်တို့ကြားပါတယ်၊ ဒါပေမယ့် လူဦးရေဘယ်လောက်ပြန်ပို့သလဲဆိုတာတော့ မသိရသေးဘူး၊ လုံခြုံရေးအခြေအနေကြောင့် သွားမခေါ်ရဲကြသေးဘူး’’ ဟု မီးဇာ ဒေသခံကပြောသည်။

ကင်းတလင်းရွာသားများအား ပြန်လည်အပ်နှံပြီးသည့်ချိန်မှစ၍ အေအေတပ်ဖွဲ့၏ ကူညီစောင့်ရှောက်မှုအောက်တွင် မရှိတော့ကြောင်း ၎င်းတို့၏ဆွေမျိူးများနှင့် နိုင်ငံတကာမိသားစုများကို လေးစားစွာအသိပေးအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရခိုင်ဒေသတိုက်ပွဲများအတွင်း မိမိတို့ထိန်းသိမ်းထားသောသူများထဲမှ စစ်ဖက်ရေးရာနှင့် မသက်ဆိုင်သောသူများကိုလည်း သင့်တော်ပြီး လုံခြုံစိတ်ချရသောအခြေအနေ၊ အန္တရာယ်ကင်းသော အခြေအနေတစ်ခုအောက်တွင် အမြန်ဆုံး ပြန်လည်လွှတ်ပေးသွားမည်ဟု အေအေတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ Field Director Salai Terah ကတော့ ကြိုဆိုကြောင်း နောက်နောင်တွင် ထိုကဲ့သို့ဖြစ်ရပ်မျိူး မပြုလုပ်ရန်အရေးကြီးသည်ဟု ပြောဆိုပါသည်။

“AA အဖွဲ့က ကင်းတလင်းရွာသားတွေ ပြန်လွတ်ပေးတဲ့အပေါ်မှာ ကြိုဆိုတယ်၊ ကျေးဇူးလည်းတင်မိတယ်၊ နောက်နောင် ဒီလိုပြသာနာမျိုးပြန်မဖြစ်ဖို့ကိုလည်း မျော်လင့်နေတယ်’’ ဟု Salai Terah ကပြောသည်။ (ပုံစာ- မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာ တဲအိမ်များ)

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...