ကျူးကျော်ဟုသတ်မှတ်၍ ပြောင်းရွှေ့ခိုင်းမှု မကျေနပ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဆန္ဒပြမည်

ကျူးကျော်ဟုသတ်မှတ်၍ ပြောင်းရွှေ့ခိုင်းမှု မကျေနပ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဆန္ဒပြမည်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း အိမ်များဆောက်၍ နေထိုင်သူများကို ကျူးကျော် သူများဟုဆိုကာ နေအိမ်ဖျက်သိမ်းခိုင်းပြီး ပြောင်းရွှေ့ခိုင်းမှုအပေါ်မကျေနပ်သည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ဆန္ဒပြကြမည်ဟု သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်း ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ဟားခါးမြို့တွင် ပြုလုပ် ရန်စီစဉ်ထားကြပြီး လူဦးရေ ၅၀၀ ကျော်ပါဝင်ကြမည်ဟုသိရသည်။ ခွင့်ပြုမိန့်ကိုလည်း သက်ဆိုင်ရာမှ ယနေ့တွင်ရရှိထားပြီ ဟု သိရသည်။

ယင်းဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်မည့် ထန်တလန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း Pi Za Tlem က “ သူတို့အိမ်ဆောက်တဲ့နေရာက စည်ပင်ဧရိယာထဲမှာမပါတဲ့နေရာမှာ အိမ်ဆောက်ပြီးသား နှစ်ပေါင်း ၅၀ နီးပါးနေပြီးသားနေရာမှာအိမ်တွေဆောက်တာပေါ့ ချင်းတွေက တောင်ယာခုတ် တောင်ယာမြေတွေလုပ်ပြီးမှ တောင်ယာတွေမှာ ကျွဲနွားတွေမွေးတဲတွေဆောက်တယ် အဲဒီနေရာကို စည်ပင်ကအိမ်ဆောက်မိန့်မယူဘဲနဲ့လုပ်တယ် ဆိုပြီး ပြန်ဖျက်ဖို့အမိန့်ထုတ်တယ် မဖျက်ဘူးဆိုရင် စက်ကြီးတွေနဲ့ဖြိုချမယ်ဆိုပြီး ခဏခဏသတိပေးစာလည်းပေး ခြိမ်းခြောက်တယ် တခြားနည်းလမ်းနဲ့တစ်ခုခုလုပ်ပေးပါဆိုပြီး အစိုးရကိုတင်ပြတော့လည်း အစိုးရက တခြားနည်းလမ်းမရှိဘူးလို့ပြောတယ် အဲဒါကြောင့် ဆန္ဒဖော်ထုတ်ဖို့စီစဉ်တာဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ဟားခါးမြို့သစ် စီမံကိန်းကို ဟားခါးမြို့မှ ထန်တလန်မြို့သွား ကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် ချင်းပြည်န ယ်အစိုးရက ဧက (၆၀၀) ကျော်ဖြင့် အကောင်ထည်ဖော်ဆောင်နေခြင်းဖြစ်သည်။ နဂိုက အဆိုပါနေရာတွင် လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်အထည်ဖော်လာပြီး လမ်းဖောက်လုပ်သည့်နောက်ပိုင်းကစ၍ တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာကာ ယခုအခါ အိမ်ခြေ (၁၃၅) လုံးရှိပြီဟု ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် အိမ်ယာမြေမရှိသေးသည့် ဒေသခံပြည်သူများအား စနစ်တကျဖြင့် အဆိုပါနေရာတွင် မြေကွက်များချပေးရန်စီစဉ်နေသည့်အချိန်တွင် ၎င်းတို့သည် ပွဲစားနှင့်ညှိပြီး မြေဝယ်ကာ တရားမဝင်အိမ်ဆောက်၍ နေထိုင် သူများဖြစ်ကြောင်း မိမိနေအိမ်ကိုဖျက်ပြီး ပြောင်းရွှေ့ကြရန် ၃ ကြိမ်တိုင်တိုင်သတိပေးထားပြီးဖြစ်သည်ဟု ဦးစိုးထက်က ပြောသည်။

“မြေအရောင်းအဝယ်လုပ်နေတဲ့သူတွေက ပိုက်ဆံပြန်အမ်းရမှာစိုးလို့ ဒီဟာကို ဆန္ဒပြဖို့ သူတို့ကပဲ ဦးဆောင်ပြီးလုပ်နေတာ မြို့တွေရွာတွေတည်ဆောက်တဲ့နေရာမှာ အစိုးရရဲ့လုပ်ငန်းကိုအဟန့်အတားဖြစ်တယ်လေ ရန်ကုန်ပဲဖြစ်ဖြစ် မန္တလေးပဲဖြစ်ဖြစ် ကျူးကျော်တဲ့ဟာတွေက သူတို့ကပဲပြန်ပြန်ပြီးပြသနာရှာတယ် ဆန္ဒပြတယ်ဖြစ်ဖြစ် တစ်ခုခုလုပ်နေတာ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအရ စနစ်တကျဖန်တီးထားတဲ့ နှစ်နဲ့ချီပြီးလုပ်တဲ့ကိစ္စကို စည်ပင်ဥပဒေနဲ့ရော၊ ထွေအုပ်ဥပဒေနဲ့ရော လုပ်ထုံးလုပ်နည်းအရဆောင်ရွက်သွားမှာပါ’’ ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

အဆိုပါမြေနေရာသည် ရှေးယခင်ကတည်းက ဘိုးဘွားပိုင်မြေများဖြစ်ပြီး လယ်ပိုင်ရှင်များကို ဆွေးနွေး ညှိနှိုင်းမှုမရှိဘဲ မြို့သစ်စီမံကိန်းအတွက် မြေလွတ်မြေလတ်မြေရိုင်းဟုဆိုကာ ချင်းပြည်နယ်အစိုး ရက လျှော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းယူသွားချင်းဖြစ်သည်ဟု ချင်းတောင်သူများအဖွဲ့မှ ဦး Hrang Kil ကပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့ နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုတို့ ဖြုတ်ပေးရေးအပါအဝင် အချက်အပေါင်း (၁၆) ချက်ဖြင့် ကြွေးကြော်ဆန္ဒ ဖော်ထုတ်ကြမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် NLD အစိုးရသစ်တက်လာသည့်နောက်ပိုင်း လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တုန်းကလည်း ဖလမ်းမြို့နယ်အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်ရှိသော ဘွာလ်ပီးကျေးရွာကို ဆီးယင်းသစ်တောကြိုးဝိုင်းအကွက်(၁၄၄)အတွင်း ကျူးကျော်တည်ဆောက်ထားသည်ဟုဆိုကာ စက်ကြီးများဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။ (ဓာတ်ပုံ – The Chin Journal)

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...